News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် ကျားဖောင်လုပ်ငန်းများ စစ်ဆေးရေးဂိတ်တစ်ခုတိုးချဲ့
04-Aug-2020


ပုသိမ်၊ သြဂုတ် ၄

ဖျာပုံခရိုင်အတွင်း စက်တင်ဘာလ၌စတင်လုပ်ကိုင်ကြမည့် ပင်လယ်ကျားဖောင်လုပ်ငန်းများကို စနစ်တကျ စစ်ဆေးနိုင်ရန်ယင်းမြို့နယ် ခါးပြတ်ကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခု တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ငါးလုပ်ငန်ဦးစီးဌာနထံမှသိရသည်။

ဖျာပုံမြို့နယ်တွင် ယခင်က ဓမင်းဆိပ်စစ်ဆေးရေးဂိတ်တစ်ခုတည်းသာရှိခဲ့ရာမှ ၂၀၂၀- ၂၀၂၁ ခုနှစ် ရာသီချိန်တွင် ခါးပြတ်ကျေးရွာ၌ စစ်ဆေးရေးဂိတ် အသစ်တစ်ခု ထပ်မံတိုးချဲ့ခြင်းဖြစ်သည်။

“တိုင်းအစိုးရကလည်း ခွင့်ပြုပြီးပါပြီ။ စီမံဘဏ္ဍာဝန်ကြီးရဲ့ ဘက်ဂျက်ခွင့်ပြုချက်ရယ်၊ တိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရယ်နဲ့ စစ်ဆေးရေးဂိတ်အသစ်ဖွင့်မှာပါ။ ကျားဖောင်လုပ်ငန်းတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ပြင်ဆင်နေပါတယ်”ဟု ဧရာဝတီတိုင်းငါးလုပ်ငန်းဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြောကြားသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ငါးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့်ရဲတပ်ဖွဲ့တို့က ရေလုပ်သားများစိစစ်ရေးလုပ်ငန်းကို တင်းကြပ်စွာလုပ်ကိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယခင်နှစ်များက ကျားဖောင်လုပ်သားအချို့ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သေဆုံးခြင်း၊ ပင်လယ်အတွင်း ပျောက်ဆုံးခြင်းများရှိခဲ့သည့်အတွက် ပြည်တွင်းပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခံရပြီးနောက် သက်ဆိုင်ရာတာဝန်ရှိဌာနများက ကျားဖောင်လုပ်ငန်းများနှင့်ပတ်သတ်၍ တင်းကြပ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ဖျာပုံမြို့နယ်ဒေသခံ ဦးအောင်စိုးသွင်က ပြောကြားသည်။

“အလုပ်အကိုင်ရှားပါးတာနဲ့လုပ်ငန်းလိုအပ်ချက်အရ ဒီဒေသကကျားဖောင်လုပ်ငန်းမှာ အလုပ်လာလုပ်ကြတယ်။ ပွဲစားတွေလိမ်တာ လုပ်ငန်းခွင်အတွင်း အဓမ္မစေခိုင်းတာမျိုးတွေ သတ်ကြသေကြတာတွေရှိခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်ရန်နှင့် အတင်းအဓမ္မစေခိုင်းမှုမရှိစေရန် ရေလုပ်သားစိစစ်ရေးကတ်လုပ်ရန်လိုအပ်ကြောင်း၊ ရေလုပ်သားစိစစ်ရေးကတ်လုပ်ရန် ရပ်ကျေးထောက်ခံစာ သို့မဟုတ် ရဲစခန်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူနှင့် နေရပ်လိပ်စာအမှန်ပေးရန် လိုကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က အကြံပြုသည်။

“သိရသလောက်တော့ ရေလုပ်သားအားလုံးရဲ့ ငါးပုံတစ်ပုံလောက်ပဲ စိစစ်ရေးကတ်လုပ်ကြတယ်။ မှတ်ပုံတင်မရှိရင်တောင် နံပါတ်ပြောရင် ရေလုပ်သားစီစစ်ရေးကတ်လုပ်ပေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျားဖောင်လုပ်ငန်းကို ပင်လယ်ကမ်းရိုးတန်းအနီးရှိ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ ငပုတောမြို့နယ်တို့တွင် အဓိကလုပ်ကိုင်ကြပြီး ဖျာပုံမြို့နယ်ရှိ ခါးပြတ်၊ ဒေါ်ညိမ်း၊နောက်မီး၊ ဗံဒါပင်၊ ဘုန်းကြီးသောင်၊ ကုလားထိပ် စသည့်ကျေးရွာများတွင်လုပ်ကိုင်လေ့ရှိရာ ယင်းဒေသသို့ မြန်မာနိုင်ငံအနှံ့မှ ရွှေ့ပြောင်းလုပ်သား တစ်သောင်းကျော် နှစ်စဉ်လာရောက်အလုပ်လုပ်ကိုင်လေ့ရှိကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ 

R-04

ဓာတ်ပုံ-မျိုးစံ