News

POST TYPE

NEWS

အောင်ဆန်းကွင်းကို နိုင်ငံတကာအဆင့်မီအားကစားကွင်းကြီးအဖြစ် ပြန်လည်တည်ဆောက်မည်
04-Aug-2020


ရန်ကုန်၊ သြဂုတ် ၃

မြန်မာနိုင်ငံ၏ သမိုင်းဝင်အောင်ဆန်းကွင်းသည်  ၇၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမရှိတော့ခြင်းကြောင့် အသစ်ပြန်လည်  တည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီကွင်းအဖြစ် တည်ဆောက်ရန်ပြည်ပကုပ္မဏီများက တည်ဆောက်ရန်  စိတ်ဝင်စားမှုရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံ၏အထင်ကရ အားကစားကွင်းတစ်ခုဖြစ်သော အောင်ဆန်းအားကစားကွင်းကို ခေတ်စနစ်နှင့်အညီ ပြန်လည် ပြုပြင်အသုံးပြုနိုင်ရေးတွင် အဆောက်အအုံများ ကြံ့ခိုင်မှုရှိ/မရှိကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ၇၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမရှိ၍ အသုံးပြုရန် မသင့်တော်ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဆိုပါကွင်းကြီးခမ်းနားစွာ ပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ပုံစံသစ်ဒီဇိုင်းရရှိနိုင်ရေးတွင် ပြိုင်ပွဲပြုလုပ်နိုင်ရေး ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောသည်။

ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့၏ သတ်မှတ်ချက်စံများနှင့် ကိုက်ညီစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နိုင်မှု အခွင့်အရေးရရှိရေး၊ တည်ဆောက်ပြုပြင် ပြီးစီးပါက ပြည်သူများအတွက် အကျိုးပြုမှုရရှိစေရေး၊ နိုင်ငံ တကာစံနှုန်းနှင့်အညီ ခေတ်မီကားပါကင်များ၊ ဈေးဆိုင်များ စနစ်တကျရှိစေရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအား (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများက ပြောသည်။

“သူတို့ အဓိကဆွေးနွေးတဲ့အထဲမှာ ကားပါကင်ပေါ့။ အရင်တုန်းကလို မဟုတ်တော့ဘူး။ ကားပါကင်ကလည်း အဓိကကျတယ်။ ဘောလုံးပွဲလာကြည့်တဲ့သူတွေရဲ့ ကားတွေထားဖို့အတွက် ကားပါကင်တွေကလည်း လိုတာပေါ့။ သူတို့လည်း စဉ်းစားမှာပေါ့။ နိုင်ငံခြားက ခေတ်မီတဲ့ကွင်းတွေလည်းရှိပါတယ်။ Bernabeu ကွင်းတွေ ဘာတွေကြည့်ပြီးတော့ သူတို့ထက်သာတဲ့ ကွင်းတွေဆွဲပေါ့။ ဒါကိုလည်း တာဝန်ရှိသူတွေ ဒီဇိုင်းဆွဲဖို့လုပ်မှာပေါ့။ အစ်ကိုတို့ကလည်း အကောင်းဆုံးဖြစ်ချင်တာပေါ့။ ရန်ကုန်တိုင်းမှာ ကွင်း အကြီးတွေ ခန့်ခန့်ညားညားတွေ လိုချင်တာပေါ့။ အောင်ဆန်းကွင်း ပြေးလမ်းဆိုရင်လည်းဘာမှသုံးလို့မရတော့ဘူး။ အောင် ဆန်းကွင်းက ပွဲကြည့်စင်တွေလည်း မကောင်းတော့ဘူး။ အိမ်သာတွေ၊ မိလ္လာစနစ်တွေလည်း အများကြီး ပြန်လုပ်ရမှာပါ”ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်ဆန်းအားကစားကွင်း ပတ်လည်တွင် ပုဂ္ဂလိကသို့ငှားရမ်း ထားသည့်ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိနေပြီး ကွင်းပတ်လည်တွင် ကားလက်မှတ်အရာင်းဂိတ်များ၊ ဆိုင်ခန်းများဖြင့် အမြင်မတင့်တယ်ဖြစ်နေကြောင်း အင်ဂျင်နီယာပညာ ရှင်များကအကြံပြုထားကြောင်း သိရသည်။

၂၀၁၈-၁၉ ခု၊ဘဏ္ဍာရေးနှစ် ရငွေစာရင်းအရ ဆိုင်းခန်းများ၏ ၁ နှစ်ငှားရမ်းခရငွေမှာ ကျပ်သိန်း ၄၈၀ ကျော်သာရှိသည့်အတွက် ငှားရမ်းခတိုးမြှင့်ကောက်ခံရန် လွှတ်တော်အစည်းအဝေးများတွင် ထောက်ပြခဲ့ကြသည်။

ချစ်ဝိုင်း