News

POST TYPE

NEWS

အာဖဂန်နစ္စတန်ရှိ အကျဉ်းထောင်ကြီးတစ်ခုကို IS စစ်သွေးကြွများအကြမ်းဖက်တိုက်ခိုက်၊ ၂၁ ဦးသေဆုံး
04-Aug-2020


ကဘူးလ်၊ သြဂုတ် ၃

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းဂျာလာလာဘတ်မြို့ရှိ ဗဟိုအကျဉ်းထောင်ကို IS အကြမ်းဖက်စစ်သွေးကြွအုပ်စုက ယမန်နေ့ကတိုက်ခိုက်ခဲ့ရာ လူပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် အကျဉ်းသားများထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းမှုများပေါ်ပေါက်ခဲ့ကြောင်း သတင်းဌာနက ရေးသားဖော်ပြသည်။ 

တနင်္ဂနွေနေ့ညနေပိုင်းက အဆိုပါဗဟိုအကျဉ်းထောင်အဝင်ဂိတ်ဝတွင် ကားဗုံးဖောက်ခွဲခဲ့ပြီးနောက် သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ 

အကျဉ်းထောင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် IS စစ်သွေးကြွများ တနင်္ဂနွေနေ့ညမှစကာ တနင်္လာနေ့နံနက်ပိုင်းအထိ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ 

အာဖဂန်အာဏာပိုင်များ၏ အတည်ပြုပြောကြားချက်အရ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံးသွားသည်ဟု သိရသည်။ 

နာဂါဟာပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ အယာတိုလာခိုယာနီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၄၃ ဦးဒဏ်ရာရရှိသွားပြီး ဆေးရုံသို့တင်ပို့ထားရသည် ဟုပြောကြားသည်။ 

IS စစ်သွေးကြွ ၃ ဦး ပစ်ခတ်မှု အတွင်းသေဆုံးသွားကြောင်း၊ သို့သော် အခြားစစ်သွေးကြွများမှာ အကျဉ်းထောင်အနီးရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးထပ်တွင်နေရာယူကာ လုံခြုံရေးတပ်ဖွဲ့များကို ဆက်လက်ခုခံတိုက်ခိုက်ခဲ့ကြောင်း ၎င်း၏ အဆိုအရသိရသည်။ 

အဆိုပါ ဗဟိုအကျဉ်းထောင်ကြီးတွင် အကျဉ်းသား ၁၇၀ဝ ကျော်ခန့်ရှိပြီး အများစုမှာတာလီဘန်များနှင့် IS စစ်သွေးကြွများဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။ 

သို့သော် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုသည် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများလွတ်မြောက်ရန် ဦးတည်ခြင်း ဟုတ်၊ မဟုတ် မသိရသေးကြောင်း အာဏာပိုင်များကပြောကြားသည်။ 

ယင်းတိုက်ခိုက်မှုသည် အာဖဂန်အစိုးရနှင့် တာလီဘန်စစ်သွေးကြွများအကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက် တတိယနေ့တွင် ပေါ်ပေါက်ခဲ့ခြင်းလည်းဖြစ်သည်။

တာလီဘန်အုပ်စုကမူ ယခုတိုက်ခိုက်မှုသည် ၎င်းတို့နှင့်ပတ်သက်ဆက်စပ်မှုမရှိဟု ကြေညာသည်။

F-01