News

POST TYPE

NEWS

ထိုင်းမှပြန်လာသည့်အရေအတွက် ငါးသောင်းခြောက်ထောင်ကျော်အထိရှိ
03-Aug-2020
ရန်ကုန်၊ သြဂုတ် ၃

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သုံးလကျော်အတွင်း အရေအတွက် ငါးသောင်းခြောက်ထောင်ကျော်အထိ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ပြန်လည်လက်ခံရေးစခန်း၏ စာရင်းများအရ သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၁ယ၆၈၀ ဦး၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂၅,၃၃၈ ဦး၊ ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၁၈,၅၉၇ ဦးအထိရှိကြောင်း မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံရေးစခန်း၏ စာရင်းများအရ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သြဂုတ်လ ၁ ရက်နေ့မှစတင်ပြီး ပြန်လည်ဝင်ရောက်မှုရှိနေသေးပြီး သြဂုတ်လ ၁ ရက်နေ့တွင် သုံးရာကျော်၊ သြဂုတ်လ ၂ ရက်နေ့တွင် ခုနစ်ရာကျော်၊ သြဂုတ်လ ၃ ရက်နေ့တွင် ကိုးရာဝန်းကျင် ပြန်လည်ဝင်ရောက်ခဲ့ရာ သုံးရက်အတွင်း ဦးရေ နှစ်ထောင်နီးပါးအထိ ဝင်ရောက်ထားကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြောကြားထားသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများသည် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်တည်း မြဝတီမြို့ရှိ သက်ဆိုင်ရာ အသွားအလာကန့်သတ်မှုပြုလုပ်သော နေရာများသို့ပို့ဆောင်ကာ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးပြီး ရောဂါကူးစက်ခံရခြင်းမရှိမှသာ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ပေးကြောင်း ဦးသန့်ဇင်အောင်ကဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာ ၃၅၀ ကျော်အနက် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၂၅ ဦးသည် ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

S-09