News

POST TYPE

NEWS

မုံရွာတွင် စီမံကိန်းပိုလျှံမြေများ တိုင်းတာသည့်အဖွဲ့ကို ဒေသခံများကန့်ကွက်
16-Jul-2020


မုံရွာ၊ ဇူလိုင် ၁၅

မုံရွာမြို့ နန္ဒဝန်ရပ်ကွက် မေတ္တာလမ်းနှင့် ဂေါ်သဇင်လမ်းကြားရှိ စီမံကိန်းပိုလျှံ မြေဧကတစ်ရာကျော်ကို မြို့နယ်မြေစာရင်းဌာနနှင့် စည်ပင်သာယာအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့နံနက်ပိုင်းက လာရောက် တိုင်းတာခဲ့ရာ မူလတောင်သူများက သဘောမတူသဖြင့် နှစ်ဖက်အချေအတင်ဖြစ်ခဲ့ကြသည်။ 

မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ နယ်မြေရဲစခန်းစခန်းမှူးနှင့်အဖွဲ့ပါဝင်သည့်အဖွဲ့က မြေတိုင်းတာရန် ရောက်ရှိလာခဲ့ရာ မူလမြေပိုင်ရှင်တောင်သူများက သိမ်းဆည်းစဉ် ၁၉၉၆ ခုနှစ်မှ လက်ရှိအချိန်အထိ ထွန်ယက်စိုက်ပျိုးနေ သောမြေများဖြစ်သဖြင့် ပိုလျှံမြေအား ဂရန်မြေကွက် သတ်မှတ်တိုင်းတာမှုကို သဘောမတူခဲ့ခြင်းဖြစ်သည်ဟု မူလမြေ ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးအောင်ကြည်က ပြောကြားသည်။

“အကွက်ဝယ်ထားတဲ့ ဂရန်ရှင်တွေ ကိုလည်း မနစ်နာစေချင်ဘူး၊ ကျွန်တော်တို့ တောင်သူကိုလည်း မနစ်နာပါစေနဲ့၊ စီမံကိန်း ပိုလျှံမြေ ပြန်ရဖို့ စာတင်တာမှာ အမျိုးသား လွှတ်တော်က အကြံပြုတဲ့စာအတိုင်း မလုပ်ဘဲ အထူးမြေစစ်အဖွဲ့က အမှားတင်ခဲ့တယ်၊ ဗဟိုက အမှားပြန်ချတယ်”ဟု ၎င်းကရှင်းပြသည်။

ဗဟိုက ပြန်ကျလာသည့်စာအရ တောင်သူများမှာ ကျူးကျော်သူများဖြစ် နေကြောင်း၊ တိုင်းရုံးများတည်ဆောက်သည့်စီမံကိန်း ပြီးစီးသွားပြီဖြစ်သော်လည်း ပိုလျှံမြေများကို မူလတောင်သူထံ ပြန်မပေးဘဲ အကွက်ရိုက် ဂရန်ချထားရာ မြေဝယ်ထားသူများလည်း ခြံဝင်းခတ်မရသည့် အခက်အခဲများရှိနေသည်ဟု လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းမှုများ ပြန်လည်စိစစ်ရေးကော်မတီထံမှ သိရသည်။

၁၉၉၆-၉၇ ခုနှစ်က တိုင်းအစိုးရရုံး များဆောက်လုပ်ရန်ဟုဆိုကာ မြေဧက သုံးရာကျော် သိမ်းခဲ့ရာမှ ဧကတစ်ရာကျော် ပိုလျှံခဲ့ကြောင်း၊ ယင်းအချိန်က တစ်ဧကလျှင် နစ်နာကြေး ကျပ်ခြောက်ထောင်သာ ပေးခဲ့သည်ဟု ဒေသခံများအဆိုအရ သိရသည်။

ယခုအချိန်တွင် ပိုလျှံမြေဧကတစ်ရာ ကို မြေကွက် ၄၀၄ ကွက်ရိုက်ထားပြီး ဂရန် အမည်ပေါက်မြေကွက်များဖြစ်နေသော်လည်း ဧက ၇၀ ခန့်မှာ မူလတောင်သူများက ယနေ့ထက်တိုင် ထွန်ယက်စိုက်ပျိုး နေဆဲဖြစ်ကြောင်း လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ မြို့နယ်အဖွဲ့ဝင် ဦးညီပုက ပြောကြားသည်။

“ကန်သင်းရိုးမပျက်သေးတဲ့ စိုက်ပျိုး မြေများဖြစ်နေဆဲပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မူလမြေရှင်များက မြေတိုင်းတာမှု ကို ကန့်ကွက်ခဲ့သည့်အပေါ် အထက် အဆင့်ဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယနေ့ (ဇူလိုင်၁၅) အတွက် မြေတိုင်းတာမှု လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်း မပြုတော့ဟု မုံရွာမြို့နယ် မြေစာရင်းဌာနမှ ဦးစီးမှူး ဦးအောင်ကျော်စိုးက ပြောကြားသည်။ 

R-08