News

POST TYPE

NEWS

တောင်ကြီးမြို့တွင် ရဲအချုပ်ခန်းမှ အချုပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်
14-Jul-2020
နေပြည်တော်၊ ဇူလိုင် ၁၄ 

ရှမ်းပြည်နယ် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် အမှတ်၂ နယ်မြေရဲစခန်းတွင် အချုပ်ကျနေသည့်အချုပ်သားနှစ်ဦး ဇူလိုင်လ ၁၃ ရက်နေ့နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ထောင်ကျနေတဲ့နှစ်ကြီးသမားတွေ။ မူးယစ်မှုနဲ့ ထပ်မံတရားရင်ဆိုင်၊နေသူနှစ်ဦးပါ။ ကနေ့(ဇူလိုင် ၁၄) မနက်အထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးဘူး။ ပိတ်ဆို့ ရှာဖွေစစ်ဆေးနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသူနှစ်ဦးအနက် အောင်ဇော်ဦး(၃၄ နှစ်)သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေသူဖြစ်ပြီး ဇော်မိုးဌေး(၃၅ နှစ်)ဆိုသူမှာ ထောင်ဒဏ် ၁၃ နှစ်ကျခံနေသူဖြစ်ကြောင်း၊၎င်းတို့သည် မူးယစ်မှုတစ်ခုအတွက် ထပ်မံတရားရင်ဆိုင်ရန် အမှတ်၂ နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားစဉ်ထွက်ပြေးလွတ်သွားခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

ထွက်ပြေးသွားသည့် အချုပ်သားနှစ်ဦးသည် တောင်ကြီးမြို့၊ အမှတ်၂ နယ်မြေရဲစခန်းရှိ အမျိုးသားဆောင် အချုပ်ခန်းမျက်နှာကျက်ရှိ သံချောင်းများကို တွန်းတင်ကာထွက်ပြေးသွားခြင်းဖြစ်သည်ဟု တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ 

ကောင်းလက်ျာ(VOM)