News

POST TYPE

NEWS

ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတား တည်ဆောက်မည်
13-Jul-2020
ရန်ကုန်၊ ဇူလိုင် -၁၃ 

ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်ကိုဆက်သွယ်တည်ဆောက်မည့် ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတားကို ယခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်စန္ဒာမင်းကပြောကြားသည်။ 

အဆိုပါ ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတားတည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရမှ မြေပြင်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရန်အတွက် ကျပ်သိန်းငါးထောင် ချထားပေးထားပြီး လက်ရှိတွင် ယင်းတံတားတည်ဆောက်ရန်အတွက် မြေပြင်ရှင်းလင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“တံတားစီမံကိန်းက ပြည်သူ့လွှတ်တော်မှာတင်ထားတယ်။ တံတားကတိုင်းအဆင့်မဟုတ်ဘူး။ ပြည်ထောင်စုအဆင့်က ချပေးတာပါ။ အခုတံတားဒီဇိုင်းပုံစံက ထွက်လာပြီ။ အခုဆောက်လုပ်ရေးဝန်ကြီးဌာနက တံတားပုံစံကိုအတည်ပြုပြီးတာနဲ့ ပြည်ထောင်စုမှာတင်ပြီးရင် တိုင်းဒေသကြီးအစိုးရမှာညှိနှိုင်းပြီး အစည်းအဝေးလုပ်ပြီးတာနဲ့ စဆောက်ပါပြီ” ဟု ဒေါ်စန္ဒာမင်းကရှင်းပြသည်။

ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတားကုန်ကျစရိတ်မှာ ကျပ် ၂၅ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အဆိုပါတံတားကို ဂျပန်နည်းပညာဖြင့် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် နှစ်လမ်းသွားတံတားဖြစ်ပြီး သံကူကွန်ကရစ်အမျိုးအစားဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို ဒလ-တွံတေးအစပ်နားနှင့် ဆိပ်ကြီး-ခနောင်တို့ကို ချိတ်ဆက်ကာ တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တံတားချဉ်းကပ်လမ်းဆောက်လုပ်ရန် သတ်မှတ်ဧရိယာကို သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ 

တံတားတည်ဆောက်ပြီးစီးပါက ဆိပ်ကြီး-ခနောင်တိုမှ ပြည်သူများအနေဖြင့် ဒလတံတားမှတဆင့် ရန်ကုန်မြို့တွင်းသို့ အချိန်အတိုဆုံးနှင့် သွားရောက်နိုင်မည်ဖြစ်ပြီး ယခုလက်ရှိတွင် ဆိပ်ကြီး-ခနောင်တိုမှ မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့တွင်းသို့ သွားလာပါက လှိုင်သာယာကြိုးတံတားမှတဆင့် သွားလာနေရကြောင်း သိရသည်။ 

S-05