News

POST TYPE

NEWS

ချောက်တွင် စာသင်ခန်းလိုအပ်ချက်အရ အချိန်ပိုင်းဖြင့်သာ သင်ကြားမည်
12-Jul-2020


ချောက်၊ ဇူလိုင် ၁၁

မကြာမီပြန်လည်ဖွင့်မည့် အခြေခံပညာကျောင်းများတွင် Social Distancing နှင့်အညီ စာသင်ကြားနိုင်ရေးအတွက် စာသင်ခန်းလိုအပ်ချက်ပေါ် မူတည်ကာ အချိန်ပိုင်းခွဲခြားသတ်မှတ်ကာ ပညာသင်ကြားပေးမည်ဟု ချောက်မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

“စာသင်ခန်းတစ်ခန်းက ပေ ၃၀၊ ၂၄ ရှိတာ။ ဒီအခန်းမှာ ကျောင်းသား ၂၀ ကို Social Distancing အရ ခြောက်ပေ အကွာစီစဉ်တာ။ အဲလိုစီစဉ်တဲ့အခါမှာ ကျောင်းမှာရှိတဲ့ စာသင်ခန်းအရေ အတွက်နဲ့ တစ်ခန်းမှာထားရမယ့် ကျောင်း သားဦးရေ ၂၀ နှုန်းက မမျှတဘူးဆိုရင် ကျွန်တော်တို့က တစ်သုတ်တက်၊ နှစ်သုတ်တက်၊ လေးသုတ်တက်၊ ခြောက်သုတ် တက် စတဲ့ အစီအစဉ်တွေဆွဲပြီးသား၊ ကျောင်းအုပ်ကြီးတွေအနေနဲ့ စာသင်ခန်း အခြေအနေနဲ့ စာသင်ချိန် အချိန်ဇယားဆွဲပြီးပြီ” ဟု ချောက်မြို့နယ် ပညာရေးမှူး ရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးနေမျိုးအောင်က ပြောဆိုသည်။ 

အထက်တန်းအဆင့်ကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်၍ ချောက် မြို့နယ်အတွင်းရှိ အထက်တန်း၊ အထက် တန်းခွဲ စုစုပေါင်း ၅၂ ကျောင်းကို စည်း ကမ်းချက် ၁၅ ချက်နှင့်ညီညွတ်မှု ရှိမရှိ စစ်ဆေးမှုများနှင့် လိုအပ်ချက်များကိုလည်း လမ်းညွန်မှာကြားပံ့ပိုးကူညီမှုများ ဆောင်ရွက်နေသည်ဟု ချောက်မြို့နယ် ပညာရေးမှူးရုံးထံမှ ထပ်မံသိရသည်။

ယင်းစစ်ဆေးမှုကို မကွေးခရိုင် ပညာရေးလက်ထောက်ညွန်ကြားရေးမှူး ဆရာဦးဝင်းထွန်း၊ ဒုကြီးကြပ်ရေးမှူး ဆရာ ဦးသောင်းမြင့်တို့အပါအဝင် မြို့နယ် ပညာရေးမှူး၊ လက်ထောက်မြို့နယ်ပညာ ရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူ များက အုပ်ဖွဲ့ခွဲကာ ယင်းမြို့နယ်ရှိ အထက် တန်းအဆင့် ကျောင်းပေါင်း ၅၂ ကျောင်း ကို ယခုလ ဇူလိုင်လ ၉ ရက်နေ့မှ ၁၂ ရက် နေ့အတွင်း အပြီးစစ်ဆေးမည်ဖြစ်သည်။

ယခုလ ဇူလိုင် ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိကို အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ကာ Grade 10 နှင့် Grade 11 တို့တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမည်ဖြစ်ကာ ဇူလိုင်လ ၂၁ ရက်နေ့ တွင် ကျောင်းစတင်ဖွင့်၍ ပညာသင်ကြား ပေးမည်ဖြစ်သည်။

“အခက်အခဲကတော့ မရှိပါဘူး။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ လမ်းညွန် ချက်တွေ စည်းကမ်းချက်တွေကို ကျောင်းသား၊ ကျောင်းသူတွေလည်း လိုက်နာဖို့လိုတယ်။ မိဘပြည်သူတွေကလည်း ပံ့ပိုးကူညီပေးဖို့လိုတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေကတော့ ကျောင်းအုပ်ကြီးရဲ့ စီမံခန့်ခွဲမှုအောက်မှာ သင်ကြားရေး တာဝန်၊ စည်းကမ်းထိန်းသိမ်းရေးတာဝန်၊ ဂိတ်ဂျူတီ၊ မိလ္လာဂျူတီ၊ သန့်ရှင်းရေး တာဝန်တွေအကုန်လုံးကို ကျောင်းအုပ် ကြီးရဲ့ စီမံခန့်ခွဲမှုအောက်မှာ အားလုံး ဆောင်ရွက်ရမှာပါ” ဟု ဒုမြို့နယ်ပညာ ရေးမှူ ဦးနေမျိုးအောင်က ထပ်မံပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကာလတွင် အခြေခံပညာ စာသင်ကျောင်းများကို Social Distancing နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယင်းမြို့နယ်ရှိ အထက်တန်း ၁၄ ကျောင်းနှင့် အထက်တန်းခွဲ ကျောင်း ၃၈ ကျောင်း စုစုပေါင်း ၅၂ ကျောင်း ကို ကျောင်းသား၊ ကျောင်းသူများ၊ မိဘ ပြည်သူများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ လိုက်နာရမည့်စည်းကမ်းချက်များ ကို သိရှိရန်အတွက် ပိုစတာခြောက်မျိုးကို တစ်ကျောင်းလျှင် သုံးစုံဆီနှင့် ကိုယ်အပူ ချိန်တိုင်းကိရိယာများ စတင်ပေးပို့ထားရှိ ပြီးဖြစ်ကြောင်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမအတွက် မက်စ်နှစ်ခုစီနှင့် Face Shield (မျက်နှာကာ) တစ်ခုစီပေးဝေမည်ဟု ယင်းရုံးထံမှသိရသည်။

အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယခုဇူလိုင် ၁၃ မှ ၁၇ ရက်၊ အလယ်တန်းအဆင့်ကို ဇူလိုင် ၂၇ မှ ၃၁ ရက်၊ မူလတန်းအဆင့်ကို ဩဂုတ် ၄ ရက်မှ ၇ ရက်နေ့တို့ဟု သတ်မှတ်ထားပြီးဖြစ်သည်။ 

ချောက်မြို့နယ်အတွင်း၌ အထက်တန်း ၁၄ ကျောင်း၊ အထက်တန်းခွဲ ၃၈ ကျောင်း၊ အလယ်တန်း ၁၄ ကျောင်း ၊ အလယ်တန်းခွဲ ၁၁ ကျောင်း ၊ မူလတန်း လွန် ၂၈ ကျောင်း၊ မူလတန်း ၉၂ ကျောင်း နှင့် မူလတန်းခွဲ ၄ ကျောင်း စုစုပေါင်း ၂၀၁ ကျောင်းရှိသည်ဟု မြို့နယ်ပညာရေး မှူးရုံး စာရင်းများအရ သိရသည်။

ယင်းမြို့ရှိ အခြေခံပညာစာသင် ကျောင်းများတွင် Social Distancing နှင့် ပညာသင်ကြားရမည်ဖြစ်၍ တစ် သုပ်တက် ကျောင်း ၃၇ ကျောင်း၊ နှစ်သုပ် တက်ကျောင်း ၁၄၈ ကျောင်း၊ လေးသုပ် တက်ကျောင်း ၁၅ ကျောင်းနှင့် သုံးရက်ခြား ခြောက်သုပ်တက်ကျောင်းအနေနှင့် အထက (၄) (အေးစေတီကျောင်း) ရှိသည်ဟု ဒုမြို့နယ်ပညာရေးမှူး ဦးနေမျိုးအောင်က ထပ်မံပြောဆိုသည်။

R-11