News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တင်းကျပ်သော ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ရန် WHO တိုက်တွန်း
12-Jul-2020


ဂျနီဗာ၊ ဇူလိုင် ၁၁

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တိုက် ထုတ်နေရသည့် ကမ္ဘာ့နိုင်ငံများအနေနှင့် ပို၍တင်းကျပ်သော အစီအမံများဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်သွားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုက်တွန်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကမ္ဘာ့ကပ်ရောဂါကြီးကူးစက်ပြန့်ပွား မှု မြင့်တက်နေသည်မှာမှန်သော်လည်း ယင်းရောဂါ ထိန်းချုပ်ရေးကိစ္စမှာဖြစ်နိုင် ခြေမရှိသောကိစ္စမဟုတ်ပါကြောင်း WHO ကဆိုသည်။ 

အချို့နိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက် မှုထိန်းချုပ်ရေးအတွက် နိုင်ငံသားများ အပေါ် တင်းကျပ်သည့်ကန့်သတ်မှုများ ပြုလုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်ခြောက်ပတ်အတွင်း ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ်ကူး စက်မှုနှုန်းမှာ နှစ်ဆကျော်ခန့်မြင့်တက်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။ 

ဥဇဘက်ကစ္စတန်နိုင်ငံတွင် သောကြာနေ့ကစပြီး Lockdown များကို ပြန်လည်သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ဟောင်ကောင်တွင်မူ တနင်္လာနေ့မှစတင်ကာ စာသင်ကျောင်းများကို ပြန်ပိတ်တော့မည်ဖြစ်ကြောင်း ကြေညာသည်။ ဟောင်ကောင်တွင် ပြည်တွင်း၌ရောဂါကူးစက်မှုများ ထပ်မံမြင့်တက်လာပြီးနောက် အာဏာပိုင်များက စာသင်ကျောင်းပိတ်ရန် အရေးပေါ်စီစဉ်လိုက်ခြင်းဖြစ်သည်။ 

WHO အကြီးအကဲ တီးဒရိုစ်အက် ဘနွမ်ဂေဘရီယပ်စ်က အလွန်အမင်းတင်းကျပ်သည့် အစီအစဉ်များကျင့်သုံးကာ ကပ်ရောဂါကြီးကို ထိန်းချုပ်ကြရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းသည်။ 

အီတလီ၊ စပိန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများ၏ ဖြစ်စဉ်များကိုကြည့်လျှင် မည်မျှပင်ကူးစက်မှုနှုန်းမြင့်တက်ခဲ့ သည်ဖြစ်စေ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ဖြစ်နိုင်ခြေရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

လက်ရှိအနေအထားတွင် ကမ္ဘာ တစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၁၂ ဒသမ ၅ သန်းရှိပြီး ယင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၀,၀၀၀ ကျော်ရှိသည်။ ယင်းအနက် အမေရိကန် ပြည်ထောင်စုသည် ကူးစက်မှုနှုန်းအမြင့် ဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၃ ဒသမ ၂၄ သန်းနှင့် သေဆုံးသူ ၁၃၆,၀၀၀ ကျော်ရှိသည်။

F-01