News

POST TYPE

NEWS

ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင် နိုင်ငံတကာအဆင့်မီ စကိတ်ကွင်းတည်ဆောက်ရန် မြေနေရာတောင်းခံထားမှု ထူးခြားမှုမရှိ
10-Jul-2020


ရန်ကုန်၊ ဇူလိုင်-၉

မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသအများပြည်သူပိုင် အခမဲ့စကိတ်ကွင်း ပေါ်ထွက်လာစေရန် ပြည်နယ်အစိုးရထံ မြေနေရာတောင်းခံထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးလွင်လတ်က ပြောသည်။

မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ် ဥက္ကဌဦးကျော်မင်းထွန်းက စကိတ်စီးကစားနည်း တိုးတက်ဖွံ့ဖြိုးလာစေရန် ကချင်ပြည်နယ်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ စကိတ်ကွင်းဖြစ်ပေါ်လာစေရန် ဆောင်ရွက်ရန် ဆန္ဒရှိခြင်းကြောင့် ပြည်နယ်အစိုးရထံ  မြေနေရာတောင်းခံထားသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်နယ်အစိုးရဆီကို တရားဝင်စာနဲ့မြေနေရာပေးနိုင်ဖို့ တောင်းထားတာ ဖေဖော်ဝါရီလကထဲပါ။ အခုချိန်ထိ ထူးခြားမှုမရှိသေးဘူး။လုပ်ဆောင်နေပါတယ်လို့ပဲ ပြောနေတယ်။ ဒါကကျွန်တော်တို့ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ တောင်းတာမဟုတ်ပါဘူး။အဲ့ဒီဒေသမှာရှိတဲ့ ကလေးတွေ စကိတ်ကို ပိုပြီးစိတ်ဝင်စားလာဖို့နဲ ့မူးယစ်ဆေး ပြဿနာကို တစ်ထောင့်တစ်နေရာက ကူညီဖြေရှင်းပေးနိုင်အောင် ရည်ရွယ်ပြီး လုပ်တာပါ။ ကျွန်တော်တို့က စကိတ်စီးတာအပြင် အခြားအားကစားနဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးဖို့ အစီစဉ်တွေရှိပါတယ်” ဟု ဦးလွင်လတ်က ပြောသည်။

မြေနေရာရရှိပါက ပြည်တွင်းပရဟိတအဖွဲ့အစည်းများက လှူဒါန်းထားသည့် ရန်ပုံငွေများဖြင့် နိုင်ငံတကာအဆင့်မီ စကိတ်ကွင်းတည်ဆောက်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ်သည် အင်းတော်ကြီးဒေသရှိ ရှမ်းနီနှင့် ကချင်တိုင်းရင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့်  ကချင်ပြည်နယ်ကိုယ်စားပြု စကိတ်အသင်းထွက်ပေါ်လာရေး။စည်းလုံးညီညွတ်ရေး၊  မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး၊ အင်္ဂလိပ်စာအား  Life initiate program အနေဖြင့် စကိတ်အားကစားနည်းနှင့် ပတ်သက်၍ သင်ကြားပေးနိုင်ရေး၊ စကိတ်အားကစား ဆက်စပ် Tourism ဖွံ့ဖြိုးရေးနှင့် စစ်ဘေးရှောင်ကလေးငယ်များကိုပါ သင်ကြားပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့်  လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးလွင်လတ်ကပြောသည်။

ချစ်ဝိုင်း