News

POST TYPE

NEWS

ချောက်တွင် စေတနာရှင်များစုပေါင်းကာ လမ်းမီးတိုင်များတွင် LED မီးလုံးများ တပ်ဆင်
10-Jul-2020


ချောက်၊ ဇူလိုင် ၉  

ချောက်မြို့တွင် စေတနာရှိပြည်သူများ စုပေါင်းကာ လမ်းမီးတိုင်များတွင် LED မီးလုံးများ တပ်ဆင်ခဲ့ကြသည်။

ချောက်မြို့ အမှတ် ၁၀ ပတ္တမြားရပ်ကွက်အတွင်းရှိ လမ်းသုံးလမ်းမှ လမ်းမီးတိုင်များတွင် LED မီးလုံးများ တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက်မှ ၉ ရက်‌နေ့အထိ တပ်ဆင်ပေးခဲ့သည်ဟု ယင်းရပ်ကွက်ဒေသခံများထံမှလည်း သိရသည်။

"အရင်တုန်းက လမ်းမီးတိုင်တွေမှာ မီးလုံးတွေတော့ရှိပါတယ်။ မီးလုံးတွေက လင်းအားမကောင်းတော့ ညပိုင်းမှာ အမြင်ရှင်းလင်းမှု မရှိတာကြောင့် ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ အစည်းအဝေးလုပ်ခဲ့တယ်။ ရပ်ကွက်နေ ပြည်သူများနဲ့ မြို့ပေါ်စေတနာရှင်များက လှူဒါန်းပေးမှုနဲ့ အသစ်လဲလှယ် တပ်ဆင်တာပါ"ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက ပြောဆိုသည်။

ယင်းရပ်ကွက် အဝင်လမ်းနှစ်လမ်းနှင့် ရပ်ကွက်အတွင်းလမ်းပေါ်ရှိ လျှပ်စစ်ဓာတ်တိုင် ၃၆ တိုင်တွင် ၆၅ ဝပ် LED မီးလုံးများဖြင့် အသစ်လဲလှယ် တပ်ဆင်ခြင်းဖြစ်သည်။

LED မီးလုံးတစ်လုံးအတွက်  ကျပ်နှစ်သောင်းခွဲနှုန်းဟု အလှူငွေသတ်မှတ်ထားကြောင်း၊ ၆၅ ဝပ် LED မီးတစ်လုံးလျှင် ၁၉,ဝ၀ဝ ကျပ် (အများဈေး) နှင့် လျှပ်စစ်မီးကြိုးနှင့်အခြားဆက်စပ်ပစ္စည်းများဝယ်ယူကာ လမ်းမီးတိုင်များတွင် အလှူရှင်အမည်များကို စတစ်ကာ ကပ်ပေးထားကြောင်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း ဦးဝဏ္ဏထွန်းက  ထပ်မံပြောကြားသည်။           

R-11