News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် ဇွန်လအတွင်း လေပြင်း ၃၃ ကြိမ်တိုက်ခတ်ခဲ့ပြီး လူ ၁၃၀ဝ ကျော် လေဘေးသင့်
10-Jul-2020


ပုသိမ်၊ ဇူလိုင် ၉

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင်  ပြီးခဲ့သည့်ဇွန်လအတွင်းက လေပြင်း ၃၃ ကြိမ်တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၃၆၉ ဦးကျော် လေဘေးသင့်ခဲ့ရကြောင်း ဧရာဝတီတိုင်း ဘေးန္တရာယ်စီမံခန့်ခွဲရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုကျပျက်စီးသည့်အိမ် ၆၄ လုံးနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသွားသည့် အိမ် ၂၆၅ လုံးရှိခဲ့ပြီး လူဦးရေ ၁၃၆၉ ဦး လေဘေးသင့်ခဲ့​ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးန္တရာယ်စီမံခန့်ခွဲရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက The Voice Daily သို့ ပြောကြားသည်။

"လေဘေးဆိုတာက မုန်တိုင်းဖြစ်တာကို ပြောတာမဟုတ်ဘူး။ ရုတ်တရက်လေပြင်းတိုက်ခတ်တာပါ။ အများဆုံးဖြစ်တဲ့ခရိုင်က ဟင်္သာတခရိုင်ပါ။ ဇလွန်နဲ့ဟင်္သာတမြို့နယ်အတွင်းမှာ ဖြစ်တာ။ လူနဲ့တိရစ္ဆာန် သေတာပျောက်တာမရှိပါဘူး"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ လေဘေးသင့်မိသားစုဝင် ၁၃၈၉ ဦးကို အိမ်ဆောက်ပစ္စည်းအပါအဝင် တစ်ပတ်စာစားနပ်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း ၂၀၈ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနက ထောက်ပံ့ပေးခဲ့ကြောင်း ယင်းဌာနမှတာဝန်ရှိသူက ပြောကြားသည်။

"လေတိုက်ခံရတာကြောင့် အိမ်ပြိုတာရှိတယ်။ တချို့ကမပြိုဘဲ အမိုးအကာပျက်စီးတာမျိုးဆိုတော့ ပြင်ဆင်တာ၊ ပြန်ဆောက်တာ နှစ်ရက်လောက်ပဲ ကြာတယ်။ ပြုပြင်နေတဲ့အချိန် အမျိုးအဆွေတွေဆီ ခဏခိုနေကြတာများတယ်"ဟု ဟင်္သာတမြို့နယ် ယုံသလင်းဒေသခံ ဦးအောင်ဟိန်းက ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း၌ ကြံ့ခိုင်မှုမရှိသော နေအိမ်များကို ပြုပြင်နိုင်ရန် ၂၀၁၇ ခုနှစ်ကစ၍ ထောက်ပံ့မှုများရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြို့နယ်ပေါင်း ၂၅ မြို့နယ်၌ တစ်မြို့နယ်လျှင် အိမ်ခြေ ၁၀ဝ နှုန်းဖြင့် အိမ်ခြေ ၂၅၀ဝ ကို တစ်အိမ်လျှင် ၂၅၀ဝ၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးမှတ်တမ်းများအရ သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များ၌ ​ပြီးခဲ့သော မေလတစ်လအတွင်းကလည်း လေပြင်းတိုက်ခတ်မှု ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၀ဝ၀ ကျော် လေဘေးသင့်ခဲ့ကြောင်း ဧရာဝတီတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနထံမှလည်း သိရသည်။ 

R-04