News

POST TYPE

NEWS

မြစ်ရေမြင့်တက်မှုများကြောင့် ဘေးကင်းမည့်နေရာများ ကြိုတင်ရှောင်ရန် မိုး/ဇလသတိပေး
09-Jul-2020
ရန်ကုန်၊ ဇူလိုင် ၉

မြစ်ရေမြင့်တက်မှုများဖြစ်ပွားနေပြီး လက်ရှိအခြေအနေထက် ဆက်လက်မြင့်တက်လာပါက စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်သောကြောင့် မြစ်ချောင်းအနီးအနားတွင်နေထိုင်သူများ သတိထား၍ ပြောင်းရွှေ့နိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။

လက်ရှိအချိန်တွင်မြစ်ရေအခြေအနေသည် မြစ်ကြီးနားတွင်အနည်းငယ်ပြန်တက်လျက်ရှိပြီး ချင်းတွင်းမြစ်တွင် မြစ်ရေမြင့်တက်မှုမှာ ၇ ရက်ခန့်ရှိနေပြီဖြစ်ပြီး အထက်ပိုင်းဒေသများတွင် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၅ ပေ၊ ၆ ပေအလိုတွင်ရှိနေသည်။

ထို့အတူ ဧရာဝတီဒေသတွင် ၁၀ပေပတ်ဝန်းကျင်ခန့်မြင့်တက်လျက်ရှိသော်လည်း စိုးရိမ်ရေမှတ်ရောက်ရှိ ရန်လိုသေးကြောင်း ၎င်းကရှင်းပြသည်။

“ မြစ်ရေက တစ်နှစ်ထက်တစ်နှစ်မတူဘူး။ ယခင်နှစ်ထက်တော့ ရေများနေတယ်။ အထက်ပိုင်းမှာမိုးဆက်တိုက် များနေမယ်ဆိုရင် လောလောဆယ်စိုးရိမ်ရေမှတ်ရောက်လာနိုင်တယ်။ မြစ်ရေပြန်တက်လာပြီဆိုရင် သဲသောင် တွေရေဖုံးလွှမ်းနိုင်တယ်။ ပြည်သူတွေအနေနဲ့ မြစ်ရေအခြေအနေကိုကြည့်ပြီး ရေတက်လာရင် ဘေးကင်းတဲ့နေ ရာတွေကိုရှောင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အကြံပြုပြောဆိုသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး မြန်မာပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ ၄ပေမှ ၇ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၀ ရက် (ယနေ့) ခန့်မှန်းချက်အရ နေပြည်တော်နှင့် ရန်ကုန်မြို့တို့အနီးတစ်ဝိုက်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန် ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

နောက် ၂ ရက် (ဇူလိုင် ၁၁) ရက်အထိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

J-02