News

POST TYPE

NEWS

ရွှေဝါရောင်ဆရာတော်ဦးစိန္တိတအမှု မီးပျက်၍မစစ်ဖြစ်
09-Jul-2020


မန္တလေး၊ ဇူလိုင် ၉

မန္တလေးမြို့မှ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်သည့် အရှင်စိန္တိတကို ၆၆(ဃ) ဖြင့် တရားစွဲထားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့က တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးကို စစ်ဆေးနေစဉ် မီးပျက်သွားခဲ့သည့်အတွက် ဆက်မစစ်တော့ဘဲ ထပ်မံချိန်းဆိုခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးထံမှ သိရသည်။

“တရားလိုကိုစစ်နေရင်း မီးပျက်တော့ ကွန်ပျုတာစာရိုက်ရတာ အဆင်မပြေဖြစ်တယ်။ ဆက်မစစ်ဘဲ ရုံးချိန်းပေးလိုက်တယ်” ဟု ဆရာတော်အရှင်စိန္တိတက မိန့်ကြားသည်။

ယင်းအမှုကို ဇူလိုင်လ ၂၃ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုတပ်မတော်အရာရှိကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးထံမှ သိရသည်။

ရွှေဝါရောင်ဆရာတော်အရှင်စိန္တိတသည် ၂၀၁၉ ခုနှစ် မတ်လနှင့်ဧပြီလအတွင်းက လူမှုကွန်ရက်စာမျက်နှာပေါ်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများ အသရေပျက်စေရန်၊ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားဖော်ပြခဲ့သည်ဆိုကာ မန္တလေးမြို့ အမှတ်(၂)ပင်မ အလုပ်ရုံ (လျှပ်။စက်)တပ်မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ စစ်ဆေးနေခြင်းဖြစ်သည်။ 

ယင်းသို့ တရားစွဲဆိုခံရမှုနှင့်ပတ်သက်၍ ရွှေဝါရောင်ဆရာတော်အရှင်စိန္တိတသည် ပြည်ကြီးတံခွန်မြို့နယ်တရားတွင် ကျပ်သိန်း ၅၀ ခံဝန်ဖြင့် အာမခံရယူခဲ့သည်။

ဒုဗိုလ်မှူးကြီးသန့်ဇော်ဦးသည် ဆရာတော်အရှင်စိန္တိကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့က တရားစွဲခဲ့သော်လည်း စက်တင်ဘာလတွင် ပြည်ကြီးတံခွန်မြို့နယ်တရားက ယင်းအမှုကိုပလပ်ခဲ့သည်။ 

S-02