News

POST TYPE

NEWS

သမုဒ္ဒရာပိုင်းဇုန်မှ ပြန်လာလိုသည့် မြန်မာ၂၀၀ ကျော်ရှိ
09-Jul-2020
ရန်ကုန်၊ ဇူလိုင် ၉

သြစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီနှင့် အရှေ့ဖျားဒေသတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း သတင်းပေးပို့လာသည့်အရေအတွက်မှာ ၂၀၀ ကျော်အထိရှိကြောင်း မြန်မာသံရုံး ကင်ဘာရာမြို့က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း သတင်းပို့လာသူအရေအတွက်မှာ ခန့်မှန်းထားသည်ထက် များပြားနေရာ ခရီးသည် ၁၁၅ ဦးအား ဇူလိုင်လ ၂၀ ရက်နေ့တွင် ဦးစွာပြန်လည်စေလွှတ်မည်ဖြစ်ပြီး ကျန်ရှိသူများကို တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် သြဂုတ်လပထမအပတ်တွင် ပြန်လည်စေလွှတ်ပေးရန် စီစဉ်ထားသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်လိုက်ပါခွင့်ရရှိသူများအနက် ဗစ်တိုးရီးယားပြည်နယ်အတွင်း မြန်မာနိုင်ငံသားအချို့ ပါဝင်နေရာ ယင်းပြည်နယ်အတွင်း တစ်ကျော့ပြန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထပ်မံဖြစ်ပွားနေသည့်အတွက် ခရီးသွားကန့်သတ်ချက်များကို ပြုလုပ်ထားမှုကြောင့် ယင်းပြည်နယ်ရှိ မြန်မာနိုင်ငံသားများအနေနှင့် ကယ်ဆယ်ရေးလေယာဉ်ဖြင့်လိုက်ပါရန် ကန့်သတ်ချက်များနှင့်ကြုံတွေ့နေရသည်ဟုလည်း မြန်မာသံရုံးက အသိပေးထားသည်။

ကယ်ဆယ်ရေးလေယာဉ်၏ ဆစ်ဒနီ-ရန်ကုန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၁၂၅,ဝ၀၀ ကျသင့်မည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခပေးချေမှုများနှင့်ပတ်သက်ပြီး ကာယကံရှင်များက မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိသူများအနက် အကြောင်းအမျိုးမျိူးကြောင့် လိုက်ပါနိုင်ခြင်းမရှိသူများသည် မြန်မာသံရုံးသို့ ဆောလျင်စွာ သတင်းပို့အကြောင်းကြားရန်လိုအပ်ပြီး လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားဝယ်ယူရန် အကြောင်းကြားထားသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဇွန်လ ၁ ရက်နေ့က ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ပြေးဆွဲခဲ့ပြီး ခရီးသည် ၇၉ ဦး လိုက်ပါလာခဲ့သေးသည်။

S-09