News

POST TYPE

NEWS

ပုဂံဒေသရှိ ဓမ္မရံကြီးဘုရား ဖွဲ့စည်းတည်ဆောက်ပုံများကို တိုင်းတာပုံထုတ်ခြင်းများပြုလုပ်
08-Jul-2020


မန္တလေး၊ ဇူလိုင် ၈

ပုဂံဒေသရှိဘုရားစေတီပုထိုများတွင် ထုထည်အကြီးမားဆုံးဖြစ်သော ဓမ္မရံကြီးဘုရား၏ ဖွဲ့စည်းတည် ဆောက်ပုံများကို တိုင်းတာပုံထုတ်ခြင်းများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ဓမ္မရံကြီးဘုရား၏ ဖွဲ့စည်းတည်ဆောက်ပုံ တိုင်းတာပုံထုတ်ခြင်းများလုပ်ငန်းများကို Technical Support Team Bagan Test အဖွဲ့က ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင်လပထမပတ်က စတင်ပြုလုပ်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“ဌာနအတွက်ကတော့ တန်ဖိုးရှိတာပေါ့။ အဆောက်အဦးတွေရဲ့ အတိုင်းအတာတွေက ကျွန်တော်တို့ဌာနမှာ မရှိဘူ။ မရှိသေးတော့ ဒီလိုကူညီဆောင်ရွက်ပေးတာ အကျိုးရှိတာပေါ့။ အခြားတစ်နေရာမှာ အစားထိုးပြီးတည်တည်၊ ပျက်စီးယိုယွင်သွားလို့ရှိရင်လည်း မှတ်တမ်းမှတ်ရာလေးတွေရှိတော့ ပြန်ပြီး အစားထိုးပြုပြင်နိုင်တာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ဓမ္မရံကြီးဘုရား၏ အလျား ၊ အနံ၊ အမြင့်နှင့် ပဏ္ဍပ်ပုံ၊ အခန်းဖွဲ့ပုံစသည့် ဗိသုကာလက်ရာများကို စနစ်တကျ တိုင်းတာကာ မှတ်တမ်းပြုစုနေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းမှာ အချိန်သုံးလခန့်ကြာမြင့်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ ထပ်မံသိရသည်။

ဓမ္မရံကြီးဘုရား(ဘုရားအမှတ်-၇၇၁) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး နရသူမင်းက အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံဟူသော အဆိုအရ ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတွင်ထုထည် အကြီးဆုံး ဘုရားတစ်ဆူ ဖြစ်သည်။

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့်မစီမိ ဓားဖြင့်ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များညှပ်၍ စီထားပုံများ၊ ဘုရား၏နံရံထောင့်များတွင် ကျင်တွယ်ပုံထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲဆက်နေစေရန် ထောင့်ချုပ်ပေါင်းကူးများကို လေ့လာနိုင်သည်ဟု ယင်းဘုရားမှတ်တမ်းတွင် ဖော်ပြထားသည်။

ရတီ