News

POST TYPE

NEWS

မြန်မာ့စီးပွားရေး သုံးနှစ်အတွင်း အဆိုးရွာဆုံးဟု MMRD စစ်တမ်းဆို
08-Jul-2020
မန္တလေး၊ ဇူလိုင် ၈

မြန်မာ့စီးပွားရေးစစ်တမ်း (Business Sentiment Survey -BSS) ကို နှစ်စဉ်ကောက်ယူနေသည့် (Myanmar Marketing Research & Development -MMRD)အဖွဲ့အစည်း၏ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေးအခြေအနေသည် သုံးနှစ်အတွင်း အဆိုးရွာဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

စီးပွားရေးလုပ်ငန်း ၂၀၀၀ ခန့်အား အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ လူတွေ့မေးမြန်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ၇၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၃၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု MMRD ၏ စီမံကိန်းမန်နေဂျာ ဒေါက်တာကောင်းမြတ်ကိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ မကောင်းရခြင်း၏အဓိကအကြောင်းအရင်းမှာ ကပ်ရောဂါ Covid -19 ကြောင့်ဖြစ်ပြီး ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းက ကပ်ရောဂါသည် ၎င်းတို့၏စီးပွားရေးအား ထိခိုက်စေခဲ့သည် ဟု ဖြေဆိုခဲ့ကြောင်း၊ ယင်းအနက် ၃၇ ရာခိုင်နှုန်းက ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ဆိုးရွားစွာထိခိုက်နေပြီး ၅၇ ရာခိုင်နှုန်းက အသင့်အတင့်ထိခိုက်သည်ဟု ဖြေဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စီးပွားရေးသဘောထားများစစ်တမ်းကို ၂၀၁၆ ခုနှစ်မှစ၍ ပုံမှန်ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည်လည်း စီးပွားရေးဆိုင်ရာ အချက်အလက်စင်တာတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အဖြေဖော်ထုတ်နိုင်ရန် ပြဿနာများကိုဖြေရှင်းရန် နည်းလမ်းများရှာဖွေလျက်ရှိကြောင်း၊ UMFCCI သည် BSS စစ်တမ်း၏တွေ့ရှိချက်များကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဆိုင်ရာအခက်အခဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ စီးပွားရေးဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိ သူများသို့တင်ပြကာ B4B ဟုခေါ်သော စီးပွားရေးအတွက် စီးပွားရေးဖိုရမ်နှစ်ခုပြုလုပ်ခဲ့ကြောင်း UMFCCI ထံမှ သိရသည်။

ယင်းစစ်တမ်းကောက်ယူမှုကို https://www.surveymonkey.com/r/BSS2020W1FB အွန်လိုင်းမှတဆင့် ဖြေဆိုနိုင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ တွင် ပြီးဆုံးမည်ဖြစ်ကာ စစ်တမ်းတွင်ပါဝင်ခဲ့သူများကို ကျပ်လေးသန်း တန်ဖိုးရှိသော ရုံးသုံးပရိဘောကပစ္စည်းများနှင့် ကမ္ဘာ့အထင်ရှားဆုံးနှင့် အသုံးများသော Herman Miller မှ rS Executive Chair “ Aron” ကို ကံစမ်းမဲဖောက်ပေးမည်ဟု MMRD က အသိပေးထားသည်။

S-02