News

POST TYPE

NEWS

AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်သူ ၈ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
08-Jul-2020
ရန်ကုန်၊ ဇူလိုင် ၈ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှ AA လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်ခဲ့သူ ၈ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲအမှုဖွင့်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် ညပိုင်းက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ၊ သိုင်းချောင်း-သစ်ပုတ်တောင် ကားလမ်းဘေးရှိ ကွမ်းယာဆိုင်တွင် မသင်္ကာဖွယ်လူတစ်စုကို တွေ့ရှိရ၍ စစ်ဆေးစဉ် ယင်းအဖွဲ့မှ သုံးဦးက ထွက်ပြေးသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ ဖမ်းဆီးမှုတွင် ကပ်သပြေကျေးရွာမှ လူငယ် ၉ ဦးနှင့် စိုင်ခြုံဒွိန်ကျေးရွာနေ လူငယ် ၁ ဦး စုစုပေါင်း ၁၀ ဦးကို လက်ကိုင်ဖုန်း ၇ လုံး၊ အရိုး။အသွားပါ ၁၁ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ လက်နှင့်အတူ တပ်မတော်က ဖမ်းဆီးခဲ့ဟုဆိုသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သူများကို စစ်ဆေးစဉ် AA လက်နက်ကိုင်အဖွဲ့ထံ သင်တန်းတက်ရောက်ခဲ့သူများ၊ AA လက်နက်ကိုင်အဖွဲ့ကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကိုပေးပို့ခဲ့သူများ၊ နယ်မြေစည်းရုံးရေး လုပ်ဆောင်ခဲ့သူများနှင့် AA လက်နက်ကိုင်အဖွဲ့ထံသို့ ရိက္ခာကောက်ခံပေးသူများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်ကဆိုသည်။

ယင်းသို့ စစ်ကြောဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိသူ ၁၀ ဦးအနက် ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင်မှအပ ကျန် ၈ ဦးသည် AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် ၎င်းတို့အား ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် ကျောက်ဖြူမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲအမှုဖွင့်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

S-04