News

POST TYPE

NEWS

ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းကျနိုင်
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၆

အိန္ဒိယနိုင်ငံ သြရိဿ Odisha မြောက်ပိုင်းကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် နီးသော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းကျနိုင်ခြေရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် ဆက်စပ်နေသော အိန္ဒိယ နိုင်ငံသြရိဿမြောက်ပိုင်းကမ်းခြေတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ ၆ရက်တွင် မြောက်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ယင်းအခြေအနေကြောင့် ရခိုင် ပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းဒေသများတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျနိုင်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ ပတ်ဝန်းကျင်အထိ တိုက်ခတ်နိုင်သည်။

“အိန္ဒိယနဲ့လည်းနီးတယ်။ ရခိုင်၊ ချင်းတို့ကနေ ဖြတ်သွားတဲ့တိမ်တိုက်တွေ ကြောင့် တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျနိုင်တယ်။ အဓိကတော့ ပင်လယ်ပြင် သွားတဲ့လူတွေပဲ သတိထားရမယ်။ ကုန်းပေါ်မှာ ဘာမှမရှိဘူး။ မိုးတော့ရွာနေမယ်။ နေရာကွက် မိုးကြီးတာတို့လောက်ပဲ ရှိနိုင်တဲ့အတွက် လျှပ်တစ်ပြက်ရေကြီးတာ တို့တော့ သတိပြုဖို့လိုတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ရှင်းပြသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေကာ မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်း အသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၅ ပေ မှ ၈ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် ၇ ရက် (ယနေ့) ခန့်မှန်းချက်အရ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကာ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။ 

ထို့အပြင် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန် ၆၀ ရာခိုင်နှုန်းဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် နောက်နှစ်ရက် (ဇူလိုင်၈)အထိ မုတ်သုံလေအားအနည်း ငယ်မှ အားအသင့်အတင့်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

J-02