News

POST TYPE

NEWS

ရန်ကုန်မြစ် ရေကြောင်းဆိုင်ရာအချက်ပြလုပ်ငန်းများ အဆင့်မြှင့်မည်
05-Jul-2020
ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်မြစ်အတွင်း ရေကြောင်းသွားလာမှုဆိုင်ရာ အချက်ပြလုပ်ငန်းများ အဆင့်မြှင့်တင်ရန် ဂျပန်ယန်း ၁ ဒသမ ၃ ဘီလီယံကျော် ထောက်ပံ့ရန် သဘောတူညီထားကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ထုတ်ပြန်သည်။

အဆိုပါထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်မှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် JICA တို့ သဘောတူညီထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းလုပ်ငန်းများကို ဂျပန်အစိုးရ၏ ကူညီမှုများဖြင့် ရေကြောင်းဆိုင်ရာသွားလာမှု အထောက်အကူပြုပစ္စည်း အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး စီမံကိန်းကာလ ၂ နှစ်သက်မှတ်ထားသည်။

စီမံကိန်းတွင် ရန်ကုန်မြစ်အတွင်းရှိ မီးပြတိုက်များ၊ ရေကြောင်းပြဗော်ယာများ အဆင့်မြှင့်တင်ခြင်းနှင့် မိုးလေဝသဆိုင်ရာနှင့် သမုဒ္ဒရာဆိုင်ရာ လေ့လာရေးအတွက် လိုအပ်သည့်ပစ္စည်းများ တပ်ဆင်ရန်ပါဝင်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများသင်တန်းပေးခြင်းတို့ကိုလည်း တစ်ပြိုင်တည်းပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြစ်ရှိ ဆိပ်ကမ်းများသည် သွင်းကုန် ၉၀ ရာခိုင်နှုန်း စီမံခန့်ခွဲနေသည့်အတွက် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း JICA ထံမှ သိရသည်။

လက်ရှိ၌ ရန်ကုန်မြစ်သည် ရေဆူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ သွားလာဝင်ထွက်ခွင့်ပြုထားသော်လည်း ရေလမ်းကြောင်း တိမ်ကောမှုများရှိသည့်အတွက် ဒီရေတက်ချိန်များမှသာ ဝင်ထွက်သွားလာရသဖြင့် ခရီးသွားလာမှုတွင် ကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

J-03