News

POST TYPE

NEWS

မန္တလေးမြို့ပေါ်ရှိဘုရားများ ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်ဟုဆို
04-Jul-2020

Covid-19 ကြောင့် ပိတ်ထားရသည့် ကုသိုလ်တော်ဘုရား။(ဓာတ္ပုံ -ရတီ)

မန္တလေး၊ ဇူလိုင် ၄

Covid-19 ကြောင့် ဘုရားဖူးများဝင်ရောက်ခွင့် ကန့်သတ်ထားသည့် မန္တလေးမြို့ရှိ ဘုရားမ်ား ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ဧပြီလပထမပတ်မှစတင်၍ ဘုရားများပိတ်ထားခဲ့ရသည်။

လက်ရှိအချိန်တွင် ဘုရားများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အစီအမံများဆောင်ရွက်ထားပြီးဖြစ်ကြောင်း မန္တလေး သာသနာရေး ဦးစီးမွူး ဦးကျော်လှိုင်က ပြောကြားသည်။

"ဘုရားတွေဖွင့်ဖို့အတွက်က အဆင်သင့်ဖြစ်နေပါပြီ။ ခွင့်ပြုမိန့်ကို စောင့်နေတယ်" ဟု ၎င်းကရှင်းပြသည်။

မန္တလေးတွင် မဟာမုနိဘုရား၊ ကုသိုလ်တော်၊ စန္ဒာမုနိ၊ မန္တလေးတောင်တော်၊ ကျောက်စိမ်းဘုရားစသည်တို့သည် ခရီးသွားဧည့်သည်များ အဓိကလာရောက်ရာဘုရားများဖြစ်သည်။

လက်ရှိအချိန်တွင် အစိုးရအဖွဲ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက အဆင်သင့်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှလည်း သိရသည်။

"ကျွန်တော်တို့ကတော့ ဘုရားဖွင့်ရင် အဆင့်သင့်ဖြစ်အောင် အားကြိုးမာန်တက် လုပ်ထားပါတယ်။ ခြေနင်းဘားနဲ့ လက်ဆေးကန်တွေ၊ ဆပ်ပြာတွေထားပေးထားတယ်။ နောက် Mask တွေကိုရောင်းပေးမယ်။ အလကားတော့ မရပါဘူး။ ဘုရားဘဏ္႑ာဆိုတော့။ ဒဏ်ရိုက်တာတွေလည်း မလုပ်ပါဘူး။ ကျွန်တော်တို့ကတော့ အဆင်သင့်လုပ်ထားပြီးပါပြီ" ဟု မဟာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ရှင်းပြသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းအတွင်းရှိ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ဈေးများ၊ အဝေးပြေးယာဉ်လိုင်းများကို ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ရတီ