News

POST TYPE

NEWS

COVID -19 ကာလ ဘတ်စ်ကားမှတ်တိုင်တွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရပါက Complain စင်တာသို့ ဆက်သွယ်အကူအညီတောင်းနိုင်
03-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂ 

COVID -19 ကာလ YBS စီးနင်းသည့် ခရီးသည်များအနေဖြင့် ရုံးတက်ချိန်နှင့် ရုံးဆင်းချိန်များတွင် ဘတ်စ်ကားမှတ်တိုင်၌ အချိန် ကြာမြင့်စွာစောင့်ဆိုင်းစီးနင်းရပါက Complain စင်တာသို့ ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

လက်ရှိတွင် COVID -19 ကြောင့် ခရီးသည်စီးနင်းမှု နည်းပါးသည့်အတွက် YBS ယာဉ်လိုင်းအချို့မှ ယာဉ်အစီးရေလျှော့ချပြေးဆွဲခြင်း၊ ယာဉ်မောင်းအချို့ အလုပ်နုတ်ထွက်ခြင်းများကြောင့် အချို့ YBS လမ်းကြောင်းများရှိ ယာဉ်အချို့မှာ နာရီဝက်ကျော်ခန့် ဘတ်စ်ကား မှတ်တိုင်တွင် စောင့်ဆိုင်းကာ စီးနင်းနေရကြောင်း YBS စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။ 

"အခုလက်ရှိ ၈၉ ယာဉ်လိုင်းနဲ့ YBS ၃၇ ယာဉ်လိုင်းက ယာဉ်တွေကို ခုရက်ပိုင်းခရီးသည်တွေ စောင့်ဆိုင်းရတာ ကြာမြင့်တဲ့ကိစ္စကို သက်ဆိုင်ရာကုမ္ပဏီကို အသိပေးမယ်။ လိုက်လံစစ်ဆေးစေမယ်။ သွားလာမှုကို ထောက်ပံ့တဲ့ ပြေးဆွဲမှုဖြစ်အောင် ကျွန်တော့်အနေနဲ့ ကုမ္ပဏီကို တိုက်တွန်းပြီး ခရီးသွားလာမှုကို သယ်ယူပို့ဆောင်မှုအဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်" ဟု တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလှအောင်က ပြောသည်။

ခရီးသည်များမှ  ယာဉ်လုပ်သားသို့ ယာဉ်လမ်းကြောင်းများနှင့် ပတ်သက်၍ အဆင်မပြေမှုများဖြစ်ပါက Complain စင်တာဖုန်းနံပါတ် (ဝ၉၄၄၈၁၄၇၁၄၉၊ ဝ၉၄၄၈၁၄၇၁၅၃၊ ဝ၉၄၄၈၁၄၇၁၅၄) သို့ ဆက်သွယ်နိုင်ကြောင်း YRTA ထံမှ သိရသည်။

"ဇူလိုင် ၂ ရက်နေ့မနက်က ရုံးသွားဖို့ သာကေတ ၇ ဈေးကနေ ၈၉ ဘတ်စ်ကားကို စောင့်တာ နာရီဝက်ကျော်လောက်စောင့်လိုက်ရတယ်။ အရင်ကဆို ၁၀ မိနစ်လောက်ဆို တစ်စီးလာတော့ အဆင်ပြေတယ်။ အခုက ၈၉ ယာဉ်လိုင်းက ယာဉ်မောင်းတွေ ထွက်သွားလို့ ယာဉ်စီးရေထွက်တာနည်းတယ်လို့ သိရတယ်။ ဝန်ထမ်းတွေ ရုံးတက်ရုံးဆင်း အဆင်ပြေဖို့ YBS ယာဉ်လိုင်းတွေအနေနဲ့ သေချာစီမံဆောင်ရွက်ပေးသင့်ပါတယ်" ဟု ကုမ္ပဏီဝန်ထမ်းဖြစ်သူ မတင်ဇာဝေက ပြောသည်။

 ရန်ကုန်တိုင်းတွင် COVID -19 ကူးစက်ခံရသူများရှိလာသည့် နောက်ပိုင်း YBS စီးနင်းသည့် ခရီးသည်လျော့ကျလာခဲ့ပြီး ယခုလက်ရှိ တွင် YBS ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းမှ မော်တော်ယာဉ်စီးရေ ၃၇၀ဝကျော်ဖြင့် ခရီးသည် ၉ သိန်းကျော်ကို  သယ်ယူပို့ဆောင်ပေးနေကြောင်း YRTA ထံမှ သိရသည်။ 

S-05