News

POST TYPE

NEWS

တပ်မတော်က အရပ်သားနှစ်ဦးကိုပစ်ခတ်ခဲ့ဟု ဆိုကာ လူ့အခွင့်အရေးကော်မရှင်ထံ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး လက်မှတ်ထိုး တိုင်ကြား
02-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂

ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဟဲကွီကျေးရွာအုပ်စုအတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားချိန်၌ တပ်မတော်က အရပ်သားနှစ်ဦးကို ပစ်ခတ်ခဲ့ဟုဆိုကာ ကျောက်မဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့သည်။

အရပ်သားနှစ်ဦးကိုပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေနှင့် အရေးယူပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်တို့က လက်မှတ်ရေးထိုးတိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုင်ကြားစာကို ဇူလိုင်လ ၁ ရက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထံတိုင်ကြားခဲ့ပြီး နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနချုပ်သို့ထံ မိတ္တူပေးပို့ထားသည်။

ယင်းဖြစ်စဉ်မှာ ဇွန်လ ၂၇၊ ၂၈ ရက်တွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ ဟဲကွီကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်း ရွာထဲဝင်ရောက်ချိန်တွင် ပန်ကျန်ကျေးရွာနေ လုံးဆု(အသက်၆၀)နှင့် ဒေါ်နန်းဆိုင်တို့၂ဦးကို အနီးကပ်ပစ်ခတ်သဖြင့် လုံးဆု(အသက်၆၀)မှ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒေါ်နန်းဆိုင်မှာ တင်ပဆုံထိမှန်၍ နောင်ပိန်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း အဆိုပါတိုင်ကြားစာတွင်ပါရှိသည်။

“သက်သေတွေကိုမတင်ပြထားသေးဘူး။ မျက်မြင်သက်သေတွေအများကြီးရှိတယ်။ ပစ်တဲ့အချိန်ကတောထဲမှာ မဟုတ်ဘူးရွာထဲမှာဆိုတော့ ဗီဒီယိုဖိုင်တွေလည်းရှိတယ်။ လက်နက်မပါဘူး အရပ်ဝတ်နဲ့ပဲတောင်းပန်တာကို ပစ်လိုက်တယ်”ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် စစ်တပ်၊ ပြည်သူ့စစ်၊ အရပ်သားစသည်တို့ကိုခွဲခြား၍ စစ်ဆေးရမည်မဟုတ်ပဲ မူကိုကြည့်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း လက်ရှိအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် အခင်းဖြစ်ပွားခဲ့သောရွာသို့ ရောက်ရှိနေပြီး ယခုဖြစ်ပွားခဲ့ သောကိစ္စနှင့် ပတ်သက်၍ဆောင်ရွက်ထား ပုံများကို ရွာသားများထံရှင်းပြခြင်း၊ စစ်ဆေးမေးမြန်းမှုများရှိပါက အမှန်တိုင်းသက်သေထွက်ဆိုပေးရန် တွေ့ဆုံမှာကြားနေကြောင်း ၎င်းကပြောသည်။

J-02