News

POST TYPE

NEWS

မြန်မာနိုင်ငံ၏ ကန်ဒေါ်လာ ၉၈ သန်းကြွေးမြီ ဆိုင်းငံ့ဟု အီးယူကြေညာ
02-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂

ကိုဗစ်-၁၉ ကပ်ရောဂါ၏ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာရိုက်ခတ်ထိခိုက်မှုကို ကုစားရာတွင် အထောက်အကူပေးရန် မြန်မာနိုင်ငံက ပေးချေရမည့် အမေရိကန်ဒေါ်လာ ၉၈ သန်းကို ဆိုင်းငံ့ပေးထားကြောင်း အီးယူ(ဥရောပသမဂ္ဂ) က ထုတ်ပြန်ကြေညာသည်။

အဆိုပါအဖွဲ့တွင် သြစတြီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံတို့ပါဝင်ပြီး ၂၀၂၀ ပြည့်နှစ် မေလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကပေးချေရမည့် ကန်ဒေါ်လာ ၉၈ သန်းရှိသည့် ကြွေးမြီဝန်ဆောင်မှုပေးချေခြင်းများကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။

အဆိုပါချေးငွေများသည် မြန်မာနိုင်ငံက ယင်းကာလအပိုင်းအခြားအတွင်း ပေးချေရန်ရှိသည့် ကြွေးမြီဝန်ဆောင်မှုစုစုပေါင်း၂၀ ရာခိုင်နှုန်းဝန်းကျင် အမေရိကန်ဒေါ်လာ ၉၈ သန်းသည် အတိုးငွေနှင့် ငွေလုံးငွေရင်းပေးချေမှုများဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

“ဒီနေ့ထုတ်ပြန်ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းညှိနှိုင်းတုံ့ပြန်တိုက်ဖျက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ သံအမတ်ကြီးများနှင့်အတူ အထက်ပါစာလွှာကို လက်မှတ်ရေးထိုးခဲ့သော ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က ပြောကြားသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ယခင်ကလည်း မြန်မာနိုင်ငံအတွက် ကြွေးမြီဖြေလျှော့ပေးခဲ့ပြီး မြန်မာနိုင်ငံအနေနှင့် ယခုနှစ်တွင် ကြွေးမြီပြန်လည်ပေးဆပ်ရမည့် ဥရောပသမဂ္ဂနိုင်ငံများမှာ သြစတြီးယားနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ယခုကြေညာချက်သည် G 20 နှင့် Paris Club တို့က ဧပြီလတွင် သဘောတူညီခဲ့သော ကြွေးမြီဝန်ဆောင်မှု ဆိုင်းငံ့ရေးစီမံချက်အရ မြန်မာနိုင်ငံအတွက် ပထမဆုံးအတည်ပြုလိုက်သော ကြွေးမြီဆိုင်းငံ့ခြင်းဖြစ်ကြောင်း ဥရောပသမဂထံမှ သိရသည်။

အီးယူအနေနှင့် ယင်းကြွေးမြီဝန်ဆောင်မှု ဆိုင်းငံ့ပေးခြင်းကို အပြည့်အဝထောက်ခံသဘောတူပြီး အလားတူ ကူညီထောက်ပံ့ပေးကြရန် မြန်မာနိုင်ငံ၏ အခြားသောမြီရှင်နိုင်ငံများအားလုံးကိုလည်း အကြောင်းကြားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-03