News

POST TYPE

NEWS

ရေနံချောင်းတွင် မြစ်ကမ်းပြိုသဖြင့် အိမ် ၁၈ လုံးပြောင်းရွှေ့ရ
02-Jul-2020


ချောက်၊ ဇူလိုင် ၁

ရေနံချောင်းမြို့နယ် ဝက်လွတ် ကျေးရွာအုပ်စု လမ်းကူးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားသဖြင့် သုံးရက် အတွင်း အိမ် ၁၈ လုံး ပြောင်းရွှေ့ခဲ့ရသည်ဟု ဝက်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးဇော်က ပြောဆိုသည်။

“အဆက်မပျက်ပြိုနေတယ်ဗျာ။ မြေဧရိယာကတော့ ဧက ၂၀ ပတ်ချာလည်လောက် ဆုံးရှုံးသွားပြီး။ လွန်ခဲ့တဲ့ သုံးရက်ကနေ ဒီနေ့အထိ အိမ် ၁၈ လုံး အိမ်ဖျက်ပြီး စုပုံထားရတယ်”ဟု ၎င်းက ရှင်းပြသည်။

လမ်းကူးကျေးရွာရှိ ဧရာဝတီမြစ် ကမ်းပါးသည် အရှည်ပေသုံးထောင်ခန့်ရှိရာ တစ်ရက်လျှင် ပေ ၅၀ ခန့် ပြိုကျနေ သဖြင့် ယာမြေ ၂၀ ဧက ဆုံးရှုံးခဲ့ရကြောင်း၊ ယခုရက်ပိုင်းတွင် ကျေးရွာနှင့်နီးကပ်လာကာ ရွာမြေများပါဆက်တိုက်ပြိုကျနေသည်ဟု ဦးမိုးဇော်က ဆက်လက် ပြောဆိုသည်။

ယင်းသို့ မြစ်ကမ်းပါးပြိုကျသဖြင့် အိမ် ၁၈ လုံး၊ လူ ၇၆ ဦး သဘာဝဘေး အန္တရာယ်ခံစားနေရပြီး ကျေးရွာအနီးတွင် မြေလွတ်မြေလပ်မရှိသဖြင့် ယာမြေများ ကိုဝယ်ယူကာ နေထိုင်ရတော့မည်ဖြစ်ကြောင်း၊ ယင်းကြောင့် ပြောင်းရွှေ့နေထိုင် ရသော အိမ်ထောင်စုများ အခက်အခဲဖြစ်နေသည်ဟု ၎င်းအုပ်ချုပ်ရေးမှူးက ထပ်မံပြောဆိုသည်။

အဆိုပါကျေးရွာ မြစ်ကမ်းပါးပြိုကျနေသဖြင့် ဇွန်လ ၃၀ ရက် နံနက်ပိုင်းက တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ မကွေးခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များနှင့် ထောက်ပံ့ငွေပေးနိုင်ရန် စီစဉ်နေကြောင်း၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများ ပြောင်းရွှေ့နေထိုင်နိုင်ရန် အနီးပတ်ဝန်းကျင်ရှိ ယာမြေပိုင်ရှင်တောင်သူများနှင့် ယာမြေဈေးနှုန်း ညှိနှိုင်းဆောင်ရွက်နေသည်ဟု ယင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောဆိုသည်။

“ကျွန်တော်တို့ ကြည့်တာတော့ တောင်စွယ်တစ်ခု ခံနေတယ်။ အဲဒီလိုခံနေတာက လှိုက်ပြီးတော့ဝင်တယ်ဆိုရင် ဆက်ပြိုဖို့ အခြေအနေရှိတယ်။ မြစ်ကြောင်းက အဲဒီတောင်စွယ်နဲ့ ဖြတ်ချသွားရင်တော့ ပြိုတာရပ်သွားမလား။ ဘယ်လိုလည်းပေါ့လေ မှန်းလို့တော့မရဘူး။ ရေဆက်တက်လို့ မြုပ်သွားရင် မပြိုတော့ဘူး။ ခုဟာက ကမ်းပါးရဲ့အခြေကိုလှိုင်းပုတ်တာ။ လှိုင်းပုတ်တော့ ကမ်းပါးအခြေက လှိုက်လှိုက်ပြီးတော့ ပြိုကျတာ”ဟု ၎င်းက ရှင်းပြသည်။

ယင်းကမ်းကူးကျေးရွာတွင် အိမ်ခြေ ၇၀ အိမ်ကျော်၊ လူဦးရေ သုံးရာကျော် နေထိုင်လျက်ရှိပြီး မြစ်ကမ်းပါးထပ်မံ ပြိုကျပါက အိမ်ခြေ ၂၀ ခန့် ထပ်မံပြောင်း ရွှေ့ရမည်ဖြစ်သည်ဟု ယင်းကျေးရွာထံမှ သိရသည်။

ပြီးခဲ့သောမေလက စတင်ကာ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျမ်းကိုင် ကျွန်းကျေးရွာအုပ်စုမှ ကံသာကျေးရွာနှင့် မန်မြေကျေးရွာအုပ်စုမှ မိန်းမလှကျွန်း ကျေးရွာတို့တွင်လည်း လူနေအိမ်များ ပြောင်းရွှေ့ နေထိုင်ရလျက်ရှိရာ လက်ရှိတွင် အိမ် ၂၀ ကျော် ‌ပြောင်းရွှေ့ထားရသည်ဟု ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးစာရင်းများအရ သိရသည်။

R-11