News

POST TYPE

NEWS

ခွင့်ပြုချက်ကျမှသာ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများ လျှောက်ထားခွင့်ရမည်
01-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုသည့်အချိန်တွင် ဖွင့်လှစ်ခွင့်လျှောက်ထားရန် ကျန်ရှိနေသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက ကြိုတင်ပြင်ဆင်ထားရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားသည်။

ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများ တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားသူများသည် နှစ်စဉ် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ မြို့နယ်ပညာရေးမှူးရုံးများသို့ တင်သွင်းပြီး ကိုယ်ပိုင်သင်တန်းကြီးကြပ်ရေးအဖွဲ့များသို့ တင်ပြဆောင်ရွက်ရသည်။

၂၀၂၀-၂၁ ပညာသင်နှစ်အတွက် လျှောက်လွှာခေါ်ယူဆောင်ရွက်ရမည့် မတ်လတွင် COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားလာခြင်းကြောင့် အချို့တိုင်းဒေသကြီး ပြည်နယ်များတွင် လျှောက်လွှာခေါ်ယူနိုင်ခြင်းမရှိသေးသည့်အတွက် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ သင်တန်းဖွင့်ရန် ခွင့်ပြုသည့်အချိန်တွင် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ယခုနှစ်တွင် လျှောက်ထားလာမည့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းများစာရင်းနှင့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းစာရင်းများကို အခြေခံပညာ ဦးစီးဌာနသို့ ပေးပို့ရန်ကိုလည်း ညွှန်ကြားချက်ထဲတွင် ထည့်သွင်းအသိပေးထားသည်။

ယခုအခါ ဖွင့်လှစ်ခွင့်ရရှိပြီးထားသည့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းများသည် ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဖွင့်လှစ်ခွင့်မပြုသေးသည့်အတွက် ကျောင်းဖွင့်ခွင့်ရရှိရန်အတွက် ပညာရေးဝန်ကြီးဌာနကို တောင်းဆိုမှုများပြုလုပ်နေသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေနှင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပြုထားသေးသည်။

S-09