News

POST TYPE

NEWS

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် အခမဲ့ရယူနိုင်
01-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁

နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မည်သည့်နိုင်ငံသားတိုင်းမဆို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အခမဲ့လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံသားအားလုံး လျှောက်ထားရယူ အသုံးပြုလုပ်ကိုင်နိုင်သည့် တန်းတူရည်တူအခွင့်အရေးရှိပြီး လျှောက်ထားရယူရာ၌ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးအပ်ခြင်းတွင် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်းရှိ၊ မရှိ ထိန်းကျောင်းနိုင်ရန်အတွက် အာမခံကြေးပေးသွင်းစေကာ အဆိုပြုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ပြီးပါက တင်သွင်းထားသည့် အာမခံကြေးကို ပြန်လည်ထုတ်ပေးကြောင်း သိရသည်။

လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် မြေခွန်တော် ကင်းလွတ်ခွင့်ကာလကုန်ဆုံးပြီး ကောက်ခံသည့် မြေခွန်တော်ပမာဏသည် လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်နှိုင်းယှဉ်ပါက မပြောပလောက်သည့်ပမာဏဖြစ်ကာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများအနေနှင့် ကျသင့်သည့်မြေခွန်တော်ကို သတ်မှတ်ချိန်၌ မပျက်မကွက်ပေးသွင်းရန်လိုအပ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ပေးသွင်းရန်ပျက်ကွက်ပါက ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ အရေးယူခံရမည်ဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အမှန်တကယ်ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်သူများအတွက် နိုင်ငံတော်ကမြေအခမဲ့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကာ လုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ပါက နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြေကိုရောင်းကုန်သဖွယ် မဖြစ်စေရန် ဥပဒေဖြင့်ထိန်းကျောင်းခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုရှိပါက တင်သွင်းထားသည့် အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြိး လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုပါ ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စရပ်နှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် အကူအညီလိုအပ်ခြင်းများရှိပါက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးချုပ်၏ မြေယာလုပ်ငန်းဌာနခွဲ၊ ဖုန်း ဝ၆၇-၃၄၁၀ဝ၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

S-07