News

POST TYPE

NEWS

စံချိန်တင်ရမှတ်ပိုင်ဆိုင်ပြီး ရာသီသိမ်းရန် ၇ ပွဲအလိုတွင် စီးရီးအေသို့ ဘီနီဗန်တိုအသင်း တန်းတက်ခွင့်ရခဲ့
01-Jul-2020


ဘီနီဗန်တို၊ ဇွန် ၃၀

ဘီနီဗန်တိုအသင်းသည် စံချိန်တင် ရမှတ်ပိုင်ဆိုင်ပြီး ရာသီသိမ်းရန် ၇ ပွဲ အလိုတွင် စီးရီးအေသို့တန်းတက်နိုင်ခဲ့ပြီဟု Football Italia က ဖော်ပြခဲ့သည်။ 

ပွဲစဉ်-၃၁ အပြီးတွင်ရမှတ် ၇၇ မှတ် အထိ ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာမှ ခရိုတုန်းအသင်းကို ၂၄ မှတ် အထိဖြတ်နိုင်ခဲ့သည်။ 

ဘီနီဗန်တိုအသင်းနှင့်အတူယခု ကဲ့သို့ သမိုင်းဝင်အောင်မြင်မှုရခဲ့ခြင်းမှာ မယုံကြည်နိုင်လောက်ကိစ္စရပ်တစ်ခုဖြစ်သည်ဟု နည်းပြ ဖိလစ်ပိုအင်ဇာဂီက ဆိုခဲ့သည်။ 

ဂျူဗီဆာဘာတီရာအသင်းကို တစ်ယောက်လျော့အနေအထားဖြင့် အနိုင်ကစားခဲ့ပြီးနောက် နည်းပြအင်ဇာဂီက “ပွဲချိန် တစ်လျှောက်လုံးနီးပါးကို တစ်ယောက်လျော့နဲ့ကစားခဲ့ရပြီး ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ပုံရိပ်ကို ပြသနိုင်ခဲ့ပါတယ်။ လူငယ်တွေအားလုံးဟာ သမိုင်းဝင်အောင် မြင်မှုရခဲ့ပါတယ်။ ၇၇ မှတ်ဆိုတဲ့စံချိန်က ကျွန်တော်တို့နဲ့ လိုက်ဖက်ပါတယ်။ ကျွန်တော်တို့အိမ်ကွင်းပွဲတိုင်း အနိုင်ရခဲ့တယ်။ ကျွန်တော့်ဘက်ကတော့ တကယ့်ကိုဘာပြောရမလဲ မသိတော့ပါဘူး”ဟု ဆိုခဲ့သည်။ 

ဘီနီဗန်တိုအသင်းသည် ယခုရာသီ စီးရီးဘီတွင် ၂၃ ပွဲအထိအနိုင်ရထားပြီး သွင်းဂိုး ၅၆ ဂိုးနှင့် ပေးဂိုး ၁၅ ဂိုးသာရှိခဲ့သည်။ ဘီနီဗန်တိုအသင်း တန်းတက်နိုင်ခြင်းကြောင့် နည်းပြဖိလစ်ပိုအင်ဇာဂီအနေနှင့် လာမည့်ရာသီစီးရီးအေတွင် ညီအစ်ကို တော်စပ်သူ ဆီမြွန်နီအင်ဇာဂီကိုင်တွယ် နေသောလာဇီယိုအသင်းနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ငြိမ်းပြည့်