News

POST TYPE

NEWS

မဲလ်ဘုန်းမြို့တွင် ဗိုင်းရပ်စ်ကူးစက်မှုပြန်လည်မြင့်တက်လာ၍ မြို့နယ်များကို Lockdown ပြန်ချ
01-Jul-2020


ဆစ်ဒနီ၊ ဇွန် ၃၀

သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာသောကြောင့် မြို့နယ်ပေါင်း ၃၆ ခုကို Lockdown ချရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

သြစတြေးလျတွင် အစိုးရကဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီးနောက် ယခုလို ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ 

မဲလ်ဘုန်းရှိ လူ သုံးသိန်းနှစ်သောင်းကျော်နေထိုင်ရာ ယင်းမြို့နယ်များတွင် ဗုဒ္ဓဟူးနေ့မှစ၍ နေအိမ်အပြင်မထွက်ရ  အမိန့်ထုတ်ပြန်လိုက်ကြောင်း ယင်းမြို့ရှိရာ ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ်အန်ဒရူးစ်က သတင်းစာရှင်း လင်းပွဲတွင်ပြောကြားသည်။ 

အလုပ်လုပ်ရန်၊ ကျောင်းတက်ရန်၊ ကျန်းမာရေးကုသမှုခံယူရန်၊ အစားအသောက်ဝယ်ယူရန်ကိစ္စများမှလွဲ၍ နေအိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည်ဟုဆိုသည်။ 

ထိုအမိန့်နှင့်အတူ စားသောက်ဆိုင်များ၊ ကဖေးများအနေနှင့်လည်း ပါဆယ်သာရောင်းချခွင့်ရှိကြောင်း ၎င်းကဆိုသည်။ 

ပြီးခဲ့သည့်သီတင်းပတ်များက သြစတြေးလျတွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်ခွင့်နှင့် ထိုင်စားခွင့်ပြုခဲ့သည်။ 

"တကယ်လို့ ခုလိုပြန်လည်တင်းကျပ်တာတွေမလုပ်ဘူးဆိုရင် ကျွန်တော်တို့တစ်တွေ ကိစ္စတုံးသွားမှာ။ ကျွန်တော်တို့အနေနဲ့ မြို့နယ်တွေအားလုံးကို Lockdown လုပ်သွားမှာ" ဟု ဝန်ကြီးချုပ်အန်ဒရူးစ်က ပြောကြားသည်။ 

ယမန်နေ့က မဲလ်ဘုန်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၄ ဦးတွေ့ရှိခဲ့ပြီး ယင်းနေ့မတိုင်ခင်တစ်ရက်က ၇၅ ဦးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များကဆိုသည်။ 

သြစတြေးလျနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈၀ဝ ဦးခန့်ရှိပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၄ ဦးရှိသည်။

F-01