News

POST TYPE

NEWS

ပဲခူးမြို့ပေါ်၌ တောင်းရမ်းနေသည့် ကလေးငယ်များနှင့် နောက်ကွယ်ကစေခိုင်းသူများကို အရေးယူနိုင်ခြင်းမရှိဟုဆို
01-Jul-2020


တောင်ငူ၊ ဇွန် ၃၀

ပဲခူးမြို့ပေါ် လူစည်ကားရာ လမ်းဆုံ လမ်းခွများနှင့်အထင်ကရနေရာများတွင် တောင်းရမ်းနေကြသည့် ကလေးငယ်များနှင့်နောက်ကွယ်မှ စေခိုင်းနေသူများကို အရေးယူနိုင်ခြင်း မရှိသေးကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးကော် မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝေက ပြောဆိုသည်။

ယင်းကဲ့သို့ ပဲခူးမြို့ပေါ် လူစည်ကားရာနေရာများတွင် တောင်းရမ်းစားသောက်နေသူ ကလေးငယ်များကို စည်ပင်ဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်သော်လည်း ကလေးငယ်များအား ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု ၎င်းက ရှင်းပြသည်။

ထိုသို့တောင်းရမ်းနေသည့် ကလေးငယ်များသည် စိတ်အနှောင့်အယှက်ဖြစ်သည်အထိ တောင်းရမ်းနေသည့်အပြင် မိဘအုပ်ထိန်းသူဟု ယူဆရသောသူများကိုလည်း ၎င်းတို့အနီးတစ်ဝိုက်တွင်ပင် မြင်တွေ့နေသည့်အတွက် အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ပဲခူးမြို့ခံအချို့က ပြောဆိုသည်။

“တောင်းတဲ့ကလေးတွေက အုပ်စုလိုက်ဗျ။ နာရီစင်နားနဲ့ ရွှေမော်ဓောလို နေရာတွေမှာများတယ်။ မိဘတွေကိုယ်တိုင် တောင်းခိုင်းတာမျိုးရှိသလို တချို့ကတော့ လေလွင့်ကလေးငယ်တွေပါ” ဟု ပဲခူးမြို့ခံပရဟိသမား ဦးကျော်မျိုးဦးက ပြောကြားသည်။

တောင်းရမ်းစားသောက်နေသူ ကလေးငယ် ၂၀ ကျော်ခန့်ရှိပြီး ကျုံးအနီး တစ်ဝိုက်နှင့်လိပ်ပြာကန်အနီးရှိ နေရာ များတွင်ညအိပ်ညနေ နေလေ့ရှိကြသည်ဟု ပဲခူးမြို့ခံအချို့က ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူးအဆင့်ရှိသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ဒီကိစ္စ လူမှုကွန်ရက်မှာ တက်နေတာ တွေ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုမြေစစ်ကိစ္စနဲ့ ညောင်လေးပင်ရောက်နေလို့ နောက်နေ့ မှ ဖုန်းဆက်သွယ်ပေးပါ” ဟု ပြန်လည်ဖြေကြားသည်။ 

တောင်းရမ်းစားသောက်သူ ကလေးငယ်များသည် နေ့စဉ် နံနက် ၇ နာရီခန့်ကစ၍ ပဲခူးမြို့ရှိ အထင်ကရ နေရာများတွင် အုပ်စုလိုက် အတင်းအဓမ္မတောင်းရမ်းခြင်းများ ပြုလုပ်နေသည့်အတွက် မြို့တော်သာယာလှပရေးအတွက် အနှောင့်အယှက်ဖြစ်ရသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

R-02