News

POST TYPE

NEWS

ရေကာတာစီမံကိန်း စွန့်လွတ်မြေအတွက် နစ်နာကြေးအပြည့်မရသေးသဖြင့် ဝန်ကြီးချုပ်ထံတိုင်ကြား
07-Jun-2020
ဓာတ်ပုံ-ဆည်မြောင်း

ပုသိမ်၊ ဇွန် ၇

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ ရေကာတာစီမံကိန်းအတွက် မြေယာစွန့်လွှတ်ခဲ့သည့် ဒေသခံတောင်သူများက ၎င်းတို့ရရန်ရှိသည့်နစ်နာကြေး အပြည့်အဝမရသေးသည့်အတွက်  ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံ တိုင်းကြားထားကြောင်း နစ်နာကြေးတောင်းခံသည့် တောင်သူများက ပြောကြားသည်။

ရေကာတာတည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် မြေယာနစ်နာကြေးအဖြစ် လယ်တစ်ဧကလျှင် ကျပ် ၃၂ သိန်းနှုန်းဖြင့်ပေးလျော်ရန် သဘောတူညီခဲ့ကြကြောင်း၊ လုပ်ငန်းစတင်ချိန်တွင် နစ်နာကြေးငွေ၏ တစ်ဝက်ကိုပေးချေပြီးနောက် လက်ကျန်ငွေတစ်ဝက်ကို ဧပြီလစတုတ္ထအပတ်အတွင်း အပြီးပေးအပ်ရန် သဘောတူညီခဲ့ကြသော်လည်း ဇွန်လ ၆ ရက်နေ့အထိ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပေးချေခြင်းမရှိသည့်အတွက် တိုင်ကြားရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

"လက်ကျန်နစ်နာကြေးကို ဧပြီလစတုတ္ထပတ်မှာပေးမယ်ဆိုတာကို ဌာနဆိုင်ရာတွေနဲ့ စာချုပ်ချုပ်ထားတယ်။ အခုက ဇွန်လရောက်နေပြီ။ စာချုပ်ပါကတိအတိုင်း ပေးရမယ့်အချိန်ကျော်နေပြီ၊ အခုထိ မရသေးဘူး။ အလုပ်လုပ်ရမှာဆိုတော့ အချိန်အမီအမြန်ပေးစေလိုပါတယ်”ဟု စွန့်လွှတ်မြေယာအတွက် နစ်နာကြေးရရှိရန်ရှိသူ တောင်သူဦးဖြိုးဝေက ပြောကြားသည်။

ရေကာတာမှာ တည်ဆောက်၍ပြီးစီးသွားပြီဖြစ်ရာ ဆုံးရှုံးသွားသည့်လယ်ယာမြေများအတွက် ရာသီချိန်အမီ မြေယာအစားပြန်ဝယ်ရန် ငွေလိုအပ်နေကြောင်း၊ အချိန်မီမရပါက လူမှုအခက်အခဲများရှိလာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

လယ်သမားများအားပေးရမည့် ကျန်ရှိနေသောမြေယာနစ်နာကြေးများပေးအပ်ရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံတင်ပြထားရာ တိုင်းအစိုးရ၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘတ်ဂျတ် အသုံးစရိတ်တွင် ပါဝင်သွားပြီဖြစ်ကြောင်း၊ ဘတ်ဂျက်ငွေပြန်ကျလာသည်နှင့် ပေးအပ်မည်ဖြစ်ကြောင်း ဟင်္သာတခရိုင်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစံမင်းက ပြောကြားသည်။  

"လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြထားပါတယ်။ စက်တင်ဘာလမှာ ဘတ်ဂျက်ကျလာနိုင်ပါတယ်။ ကျတာနဲ့ပေးမှာပါ" ဟု၎င်းက ဆက်လက်ပြောဆိုသည်။

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအနီးရှိ “ ဦးမိုးလေး” ရေကာတာသည် ၂၀၁၉ ခုနှစ် မိုးရာသီအချိန်က ပြိုကျပျက်စီးခဲ့သည့်အတွက် ရေတိုက်စားခြင်းကိုကာကွယ်ရန် ယင်းရေကာတာ၏အနောက်ဘက်တွင် ပေ ၃၀ဝ၀ ကျော်ရှည်လျားသည့် ပန်းတာဖြတ်တာအသစ် တစ်ခုကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ရာ ဧပြီလနောက်ဆုံးပတ်အတွင်းက တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။ 

R-04