News

POST TYPE

NEWS

မုံရွာတွင် ချင်းတွင်းမြစ်အတွင်း ရေဆင်းမကူးရန် အမိန့်ထုတ်
07-Jun-2020


မုံရွာ ၊ ဇွန် ၇

မုံရွာမြို့တွင် ချင်းတွင်းမြစ်အတွင်းရေဆင်းချိုးသည့် ကလေးငါးဦး ရေနစ်သေဆုံးပြီးနောက် ကမ်းနားလမ်းတစ်လျှောက်ရှိ ချင်းတွင်းမြစ်အတွင်း ရေဆင်းမချိုးရန် မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၆ ရက်နေ့တွင် အမိန့်ကြေညာစာထုတ်ပြန်လိုက်သည်။

ကမ်းနားလမ်းတစ်လျှောက် သာယာလှပရေး ၊ အပန်းဖြေရန်နေရာများတွင် ကိုယ်လက်လှုပ်ရှားကျမ်းမာရေးပြုလုပ်နိုင်ရန် အားကစား အထောက်အကူပြုပစ္စည်းများထားရှိပြီးဖြစ်ရာ အနားယူနေသူများ စိတ်မချမ်းမြေ့စေသည့် အရက်သေစာသောက်စားခြင်း၊ မြစ်အတွင်း ရေဆင်းချိုးခြင်းကြောင့် ရေနစ်သေဆုံးမှုဖြစ်ပေါ်နေသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

ဇွန်လ ၅ ရက်နေ့ တစ်ရက်တည်းတွင် ချင်းတွင်းမြစ်အတွင်းရေဆင်းကူးသည့် အသက် ၁၃ နှစ်မှ ၁၆ အရွယ်လူငယ်ငါးဦး ရေနစ်သေဆုံးပြီးနောက် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အိုးဘိုတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက ပြောကြားသည်။

“သုံးနေရာမှာ ကလေးငါးဦးရေနစ်တယ်၊ ၁၀ တန်းဖြေထားတဲ့ ကျောင်းသားတစ်ယောက်ပါတယ်၊ ၁၃ နှစ်ကလေးက ကျောင်းမနေတော့ဘူး။ ဘုန်းစိုးရပ်ကွက်နဲ့သလ္လာရပ်ကွက်ကကလေးတွေ။ အလောင်းတွေအကုန်ပြန်ရပါပြီ”ဟု ၎င်းကပြောဆိုသည်။ 

ချင်းတွင်းမြစ်အတွင်း ကျောက်သဲစုတ်ယူမှုများကြောင့် ကျင်းများဖြစ်ပေါ်နေရာ ကလေးများအနေနှင့်သတိပြုမိဘဲ ရေဆင်းကူးရာမှ ရေနစ်သေဆုံးရခြင်းဖြစ်ကြောင်း မုံရွာမြို့ခံအချို့က ဝေဖန်နေကြသည်။