News

POST TYPE

NEWS

ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် အချိန်မရွေးအသင့်ဖြစ်နေကြောင်း အောင်လအန်ဆန် ဆို
07-Jun-2020


ရန်ကုန်၊ ဇွန်၄

ONE Championship ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန်အတွက် ကောင်းမွန်သော ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှုပိုင်းပိုင်ဆိုင်ထားသောကြောင့်  ယှဉ်ပြိုင်ရန်အဆင်သင့် ရှိနေကြောင်း ပြောဆိုသည်။ 

"ဒီအချိန်မှာ အများဆုံးလုပ်ဖြစ်တာကတော့ လေ့ကျင့်တာနဲ့မိသားစုကို အချိန်ပေးတာပါပဲ။ လက်ရှိမှာ မစ်ဒယ်ဝိတ်တန်းအတွက် ကောင်းမွန်တဲ့ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာခံစားမှု၊ ဒီဝိတ်တန်းအတွက် အကောင်းဆုံးဖြစ်မယ့် ကြံ့ခိုင်မှုပိုင်းတွေ ရထားပါတယ်။ အားလုံးအဆင်သင့် ဖြစ်နေတဲ့အနေအထားပါပဲ။ ဒီအချိန်မှာ မစ်ဒယ်ဝိတ်တန်းကာကွယ်ပွဲကို ဘယ်နေရာမှာပဲထိုးရထိုးရ ကျွန်တော်က အဆင်သင့်ပါပဲ။ ဒီထက်ပိုကောင်းအောင်လေ့ကျင့်နေမှာပါ"ဟု အောင်လအန်ဆန်က Startup Disrupt နှင့်ပြုလုပ်ခဲ့သော အင်တာဗျူး တွင် ထည့်သွင်းပြောကြားသွားသည်။ 

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်တွင် ရုရှားနိုင်ငံသားဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ရကာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ပြီးခဲ့သည့် ဧပြီလအတွင်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆိုပါ ချန်ပီယံစိန်ခေါ်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

 အောင်လအန်ဆန်သည် လက်ရှိအချိန်အထိ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ကာကွယ်ပွဲ စုစုပေါင်း (၃) ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ (၃)ပွဲစလုံး အနိုင်ရထားသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ကျင်းပခဲ့သည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲ နောက်ပိုင်း ပြိုင်ပွဲနှင့် ကင်းကွာနေသည့် အောင်လသည် အမေရိကန်နိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။

ချစ်ဝိုင်း