News

POST TYPE

NEWS

ဘင်ဖီကာအသင်း ဘတ်စ်ကားတိုက်ခိုက်ခံရ၊ကစားသမားနှစ်ဦး ဒဏ်ရာရရှိ
07-Jun-2020

လစ္စဘွန်း၊ ဇွန် ၆

ပထမဆုံတံခါးပိတ်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ဘင်ဖီကာအသင်းစီးနင်းလာသော ဘက်စ်ကားတိုက်ခိုက်ခံရပြီး ကစားသမားနှစ်ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း BBC Sport ကဖော်ပြခဲ့သည်။ 

အဆိုပါတိုက်ခိုက်ခံရမှုတွင် ဂျာမနီကစားသမား ဝိုင်ဂယ်နှင့် ဆားဘီးယားကစားသမား ဇစ်ကိုဗစ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းကစားသမားနှစ်ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရခြင်းဖြစ်သည်။ 

ပေါ်တူဂီလိဂ်ပြန်လာသည့်ပထမဆုံး တံခါးပိတ်ပွဲစဉ်တွင် ပေါ်တိုအသင်းရှုံးပွဲ ကြုံခဲ့ချိန်၌ လက်ရှိချန်ပီယံ ဘင်ဖီကာအသင်းသည် တွန်ဒီလာကို ဂိုးမရှိသရေသာကစားနိုင်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားတွင် ၂ မှတ်ဖြတ်ဦးဆောင်နိုင်မည့် အရေးနှင့်လွဲချော်ခဲ့ရသည်။ 

အဆိုပါပွဲစဉ်ရလဒ်အတွက် ဘင်ဖီကာပရိသတ်များက ကျေနပ်မှုမရှိခဲ့ခြင်းကြောင့် အိမ်ကွင်း အက်စ်တာဒီယိုလာရုဇ်ရှေ့၌ စုရုံးခဲ့ပြီး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းကြားရှိ အဓိကကားလမ်းပေါ်တွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

"အသင်းကစားသမားတွေရဲ့ ဘတ်စ်ကားကို ကျောက်ခဲနဲ့ပေါက်ခဲ့တာတွေအတွက်တော့ ပြစ်တင်ရှုတ်ချချင်ပါတယ်။ ဒီဖြစ်စဉ်ကိုကျူးလ ွန်ခဲ့ကြတဲ့အချိန်မှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့အတွက် အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟု ဘင်ဖီကာ အသင်းတရားဝင်ဝက်ဘ်ဆိုက်ဒ်မှထုတ်ပြန်ခဲ့သည်။ 

ပေါ်တူဂီလီဂါပြိုင်ပွဲရာသီသိမ်းရန် ၉ ပွဲကျန်အနေအထားတွင် အဓိကပြိုင်ဘက်ကြီးနှစ်သင်းဖြစ်သည့် ဘင်ဖီကာနှင့်ပေါ်တို အသင်းတို့မှာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ရမှတ် ၆၀ ဖြင့် ရပ်တည်လျက်ရှိသည်။

ငြိမ်းပြည့်