News

POST TYPE

NEWS

ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များ အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကစားမည်
07-Jun-2020


ရန်ကုန်၊ ဇွန် ၆

‌မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ယှဉ်ပြိုင်နေသည့် ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ် ပွဲစဉ်များကို အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ပြန်လည်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအခြေနေကြောင့် အဆိုပါကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များကို ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး ပွဲစဉ်များကို အောက်တိုဘာနှင့်နိုဝင်ဘာလတွင် ပြန်လည်ကျင်းပရန်အတွက် အာရှဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲဝင်နိုင်ငံများကို ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များအဖြစ်လာမည့် အောက်တိုဘာ ၈ ရက်တွင် အဝေးကွင်း၌ ဂျပန်အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် မန္တလာသီရိကွင်း၌ ကာဂျစ္စတန်အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် အဝေးကွင်း၌ တာဂျစ်ကစ္စတန်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 

နည်းပြအန်တွမ်နီဟေးလ်ကိုင်တွယ်နေသည့် ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု ၅ပွဲကစားပြီးချိန်တွင် ရမှတ် ၆ မှတ်ဖြင့် အုပ်စု စတုတ္တနေရာတွင် ရပ်တည်နေသောအသင်းဖြစ်သည်။

ဇော်သုတ