News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် ၂ လအတွင်း မိုးကြိုးပစ်ခံရ၍ ၇ ဦး သေဆုံး
05-Jun-2020
ပုသိမ်၊ ဇွန် ၄ 

ဧရာဝတီတိုင်းတွင် မိုးဦးအကြိုကာလဖြစ်သော ဧပြီလမှဇွန်လ ၁ ရက်နေ့အထိ  မိုးကြိုးပစ်မှုကိုးကြိမ်အထိရှိခဲ့ပြီး ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ အိမ်မဲ နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် မိုးကြိုးပစ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူနှင့်  ဒဏ်ရာရရှိသူတို့ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းစိုးက The Voice Daily သို့ ပြောကြားသည်။

“မိုးကြိုးပစ်ခံရတာက ကွင်းပြင်မှာဖြစ်တာများတယ်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ မိုးကြိုးအပစ်ခံရလို့  လူသေဆုံးမှုအတွက် ကျပ်သုံးသိန်းထောက်ပံ့ပေးသလို ဒဏ်ရာရလို့ ဆေးရုံတက်ရသူအတွက် တစ်ဦးကိုကျပ်ငါးသောင်းနှုန်းနဲ့  ထောက်ပံ့ပေးနေတယ်။ ဒါ့အပြင် သဘာဝဘေးနဲ့ပတ်သက်လို့ ကျေးလက်ဒေသတွေအထိ အသိပညာပေးတာတွေ ကြိုတင်  လုပ်ခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အပူချိန်များပြီး မိုးတိမ်တောင်များ ဖြစ်ပေါ်မှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့ဖြစ်နိုင်သည်ကို သတင်းထုတ်ပြန်ပေးထားရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက အသိပညာပေးထားသည့်အတိုင်း သွားလာနေထိုင်သင့်ကြောင်း ဧရာဝတီတိုင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးလွင်က အကြံပြုပြောကြားသည်။

ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးလက်ဒေသအထိ အသိပညာပေးလုပ်ငန်းများနှင့် ဟောပြောပွဲများတွင် မိုးကြိုးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို နှစ်စဉ်ပြုလုပ်ခဲ့ကြောင်း၊ ဧရာဝတီတိုင်း၌  ၂၀၁၉ ခုနှစ်အတွင်းက မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိခဲ့ကာ ဒဏ်ရာရရှိသူနှစ်ဦးရှိကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။          

R-04