News

POST TYPE

NEWS

ဂျာမနီနိုင်ငံတွင် ၂ လ ခန့် သောင်တင်နေသည့် မြန်မာသင်္ဘောသား ၈၉ ဦးကို ပြန်လည်ခေါ်ဆောင်
05-Jun-2020
ရန်ကုန်၊ ဇွန် ၄

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင် ရပ်နားဆိုက်ကပ်ထားသည့် အပျော်စီးသင်္ဘောများအနက် AIDAperla နှင့် AIDAblu သင်္ဘောနှစ်စင်းပေါ်တွင် ၂ လခန့် သောင်တင်နေသည့် မြန်မာသင်္ဘောသား ၈၉ ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၎င်းသင်္ဘောသား ၈၉ ဦးနှင့်အတူ ဂျာမနီနိုင်ငံ Radebaul  မြို့နှင့် ပိုလန်နိုင်ငံ၊ Krakow မြို့တို့တွင် အကြောင်းအမျိုးမျိုး ကြောင့်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား ၆ ဦးကိုလည်း ဂျာမနီနိုင်ငံရှိ AIDA ကုမ္ပဏီမှစီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဇွန်လ ၄ ရက်နေ့တွင် ရောက်ရှိခဲ့သည်။

၎င်းတို့အားလုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရန်အတွက် သက်ဆိုင်ရာ Quarantine Center များသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇွန်လ ၅ ရက်နေ့တွင်လည်း ကိုရီးယားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ နိုင်ငံငါးနိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၉ ဦးသည် ဇွန်လ ၅ ရက်နေ့တွင် ထပ်မံပြန်လာဦးမည်ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့တွင်လည်း ကိုရီးယားလေကြောင်းလိုင်းဖြင့် သတ္တမအကြိမ်အဖြစ် ထပ်မံခေါ်ဆောင်ဦးမည်ဖြစ်ရာ ယင်းနေ့တွင် လိုက်ပါခွင့်ရရှိသူ အရေအတွက်မှာ ပထမအသုတ်အဖြစ် ၁၂၄ ဦးရှိနေကြောင်း မြန်မာသံရုံး(ဆိုးလ်)ထံမှ သိရသည်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း ၂၉၂၉ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။              

S-09