News

POST TYPE

NEWS

ပင်လယ်ပြင်တွင် သွားလာနေသူများကို မိုး/ဇလ သတိပေး
04-Jun-2020
ရန်ကုန်၊ ဇွန် ၃

ပင်လယ်ပြင်တွင် သွားလာနေကြသော သင်္ဘော၊ လှေ စသည့် ခရီးသွားများအနေနှင့် ဆိုးဝါးသည့်ရာသီဥတု အခြေအနေများကို သတိပြုကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၄ရက်(ယနေ့)အထိ ခန့်မှန်းချက်များအရ ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းခရီးလမ်းတစ်လျှောက်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ် ၍ ရေပြင်လေသည် အနောက် သို့မဟုတ် အနောက်တောင်ဘက်မှ တစ်နာရီတွင် ပင်လယ်မိုင် ၅ မိုင်မှ ၁၀မိုင်အထိဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ၂၅ မိုင်အထိရှိလာနိုင်ကာ လှိုင်းအမြင့် ၄ပေမှ ၇ ပေခန့်အထိ လှိုင်းအနည်းငယ်မှ အသင့်အတင့်အထိ ရှိလာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

အဆိုပါပင်လယ်ပြင် မိုးလေဝသခန့်မှန်းချက်များကို သင်္ဘောများ၊ တံငါသည်များအတွက် အဓိကထား၍ ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို ငါးလုပ်ငန်း ဦးစီးဌာန၊ ရေကြောင်းဦးစီးဌာန၊ သတင်း အချက်အလက်နှင့် နည်းပညာဦးစီးဌာနများမှတစ်ဆင့် ပင်လယ်ပြင်တွင် သွားလာနေကြသော လှေ၊ သင်္ဘောများကို ပြန်လည် အကြောင်းကြားပေးခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ရှင်းပြသည်။

"ဆိုးဝါးတဲ့ရာသီဥတု အခြေအနေရှိတယ်ဆို အနီးစပ်ဆုံးကမ်းကို ပြန်လာဖို့အတွက် ထုတ်ပြန်ပေးတယ်။ ဆိုးဝါးတဲ့ရာသီဥတုကို သတိပြုနိုင်ဖို့အတွက် ပင်လယ်ပြင်မိုးလေဝသခန့်မှန်းခြင်းကို ထုတ်ပေးတာပါ" ဟု ၎င်းက ထပ်မံပြောကြားသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဇွန်လ ၄ ရက်(ယနေ့)အတွက် ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့်အနီး တစ်ဝိုက်တွင် နေရာကွက်ကျား မိုးရွာသွန်းမည်ဖြစ်ပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

ထို့အပြင် အနောက်တောင် မုတ်သုံလေသည် နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

J-02