News

POST TYPE

NEWS

မူဆယ်ဂိတ်တွင် ပြည်ပပြန်များကို ကျန်းမာရေးစစ်ဆေးပေးသည့် ကျန်းမာရေးမှူး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
04-Jun-2020
ရန်ကုန်၊ ဇွန် ၃

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် လူနာအမှတ် ၂၃၁ မှာ မူဆယ်မြို့အဝင် နန်းတော်ဂိတ်တွင် ပြည်ပပြန်များကို ကျန်းမာရေးစစ်ဆေးပေးခဲ့သော ကျန်းမာရေးမှူးဖြစ်ကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇွန်လ ၂ရက်နေ့ ညရှစ်နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄ဦးထပ်မံတွေ့ရှိကြောင်းကြေညာခဲ့ရာ ၎င်းတို့အနက် လူနာအမှတ် ၂၃၁ မှာ ပြည်ပခရီးသွားရာဇဝင်မရှိသလို၊ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူလည်းမဟုတ်ဘဲ အသွားအလာကန့်သတ်ထားသူလည်း မဟုတ်ပေ။

၎င်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အဝင် နန်းတော်ဂိတ်တွင် ပြည်ပပြန်များအား ကျန်းမာရေးစစ်ဆေးပေးသောအဖွဲ့မှ ကျန်းမာရေးမှူး (မူဆယ်မြို့နယ် မုံးပေါ်ကျေးလက်ကျန်းမာရေးဌာန) ဖြစ်ရာ Covid-19 ရောဂါ ကာကွယ်ရေးအတွက် နိုင်ငံတစ်ဝန်းတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးမှူးများ အပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းများ အားလုံး မိမိကိုယ်ကိုယ် ကူးစက်မှုမဖြစ်ရအောင် အထူးသတိချပ်ကာကွယ်ဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ထုတ်ပြန်တိုက်တွန်းထားသည်။

လက်ရှိတွင် လူနာအမှတ် ၂၃၁ သည် မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ကျန်းမာရေးကောင်းမွန်နေကာ ၎င်းနှင့် ထိတွေ့ခဲ့သူများကို လိုက်လံဖော်ထုတ်နေပြီး လူနာကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူစေမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို ရှာဖွေရာတွင် ပြည်ပမှပြန်လည်ရောက်ရှိပြီး အသွားအလာ ကန့်သတ်ခံထားရသူများ၊ အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သူများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာမှ ယခုအခါ ပြည်ပမှပြန်လာပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကိုပါ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းကြောင့် ရောဂါကူးစက်ခံရမှန်း သိရှိခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၃ရက်နေ့ နံနက် ၇ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၃၃ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၃ ဦးရှိကာ ဓာတ်ခွဲအတည် ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိသည်။

S-09