News

POST TYPE

NEWS

ယာဉ်မှတ်ပုံတင်ရန် သက်တမ်းကျော်သွားသည့်ယာဉ်များကို ရက်လွန်ဒဏ်ကြေးများ ကင်းလွတ်ခွင့်ပေးမည်
04-Jun-2020
ရန်ကုန်၊ ဇွန် ၃

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကညနရုံးပိတ်ထားသည့်ကာလတွင် ယာဉ်မှတ်ပုံတင်ရန် သက်တမ်းကျော်လွန်သွားသည့် ယာဉ်များကို ရက်လွန်ဒဏ်ကြေးများ ကောက်ခံခြင်းမရှိဘဲ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

အဆိုပါ ယာဉ်မှတ်ပုံတင်ရန် သက်တမ်းလွန်သည့် ယာဉ်အစီးရေမှာ တစ်လလျှင် တစ်သောင်းကျော်ရှိကာ အကြွေးကျန်ခဲ့သည့် ယာဉ်များနှင့် နောက်ထပ်သက်တမ်းတိုးမည့် ယာဉ်များအနေနှင့် အွန်လိုင်းမှ ဘိုကင်ယူပြီး တဖြည်းဖြည်းချင်း ဆောင်ရွက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

"ပိတ်ထားတဲ့ ကာလတွေမှာ ကူးစက်မှုမရှိဖို့အတွက် ဌာနကရပ်ဆိုင်းတာ ဖြစ်တဲ့အတွက်ကြောင့် ပိတ်ထားတဲ့ ကာလတစ်လျှောက်လုံးမှာရှိတဲ့ ရက်လွန် ဒဏ်ကြေးကောက်ခံခြင်း မရှိပါဘူး။ ကင်းလွတ်ခွင့်ပေးထားပါတယ်။ သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ကလည်း ရက်လွန်နေတဲ့ယာဉ်တွေကို မဖမ်းဖို့ ကျွန်တော်တို့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ရုံးဖွင့်ပြီးရင် အေးအေးဆေးဆေး လာလုပ်လို့ရပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေအရ နှစ်လ၊ သုံးလစသဖြင့် အချိန်ကြာတဲ့အထိ ရက်လွန်ဒဏ်ကြေး ကောက်ခံမှာမဟုတ်ပါဘူး။ ကင်းလွတ်ခွင့်ပေးထားမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ကညနရုံးများ ပြန်လည်ဖွင့်လှစ်လျှင် အကြွေးကျန်ခဲ့သည့် ယာဉ်များအတွက် နံနက်ပိုင်း ၈ နာရီခွဲအချိန်မှစ၍ ရုံးအချိန်ကို စောဖွင့်ပေးကာ အချိန်ပိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကညနရုံးများ နှစ်လကျော် ပိတ်ထားရပြီး ရုံးပိတ်သည့်ကာလ၌ သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေ မှာ ၃ သောင်းကျော်ထိ ရှိမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

S-05