News

POST TYPE

NEWS

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ အာမခံလျှောက်ထားမှု ပယ်ချခံရ
04-Jun-2020

ရန်ကုန်၊ ဇွန် ၃

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုခံရသည့် တရားဟောဆရာဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်ကြောင်း မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောကြားသည်။

"စွပ်စွဲခံထားရတဲ့ အမှုသည်တွေရဲ့ရှေ့နေတွေက အမှုအတွင်းချုပ်ရက်ထုချေခွင့် လျှောက်ထားတယ်။ နှစ်ဖက်လျှောက်ထားမှုကို ကြားနာပြီးတဲ့အချိန်မှာ အာမခံလျှောက်ထားခွင့်ကို ပယ်ချဖို့ အမိန့်ချခဲ့တာပါ" ဟု ၎င်းကပြောသည်။

တရားဟောဆရာ စောဒေးဗစ်လား နှင့် နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ဘက်မှ လိုက်ပါဆောင်ရွက်ကြသော အမှုလိုက်ရှေ့နေများက ချုပ်ရက်ထုချေလွှာ လျှောက်ထားခဲ့ရာ တရားရုံးကခွင့်မပြုဘဲ နောက်ရုံးချိန်းကို ဇွန်လ ၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း တရားသူကြီး ဦးမိုးဆွေကပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး မှုခင်းစီမံခန့်ခွဲရေး အပြီးသတ်အစည်းအဝေးပြုလုပ်ခဲ့ရာ ယင်းအမှုအားလျင်မြန်စွာ ဆောင်ရွက်ရမည်ဟု သတ်မှတ်သောကြောင့် ရာဇဝတ်ကြီးအမှတ် ၆၈၅/၂၀၂၀ အရ မြို့နယ်တရားသူကြီးတရားခွင်တွင် လက်ခံစစ်ဆေးသွားမည်ဖြစ်ကာ လာမည့်ရုံးချိန်းတွင် တရားလိုနှင့် တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

၂၀၁၃ ခုနှစ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတစ်ခုကြောင့်ဖြစ်စေ ၊ ဘေးအန္တရာယ်ကျရောက်နိုင်သည်ကို သိလျက်နှင့်ဖြစ်စေ၊ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် ဖြစ်ပေါ်လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

J-01