News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် စည်းကမ်းမလိုက်နာသည့် ဈေးသည်များထံမှ ဒဏ်ငွေ ကျပ် ၅၃ သိန်းကျော်ရရှိ
03-Jun-2020


ပုသိမ်၊ ဇွန် ၃

ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိဈေးများ၌ COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းမလိုက်နာသည့် ဈေးသည်များအား ဒဏ်ရိုက်အရေးယူခဲ့ရာ ကျပ် ၅၃ သိန်း ၈ သောင်းကျော်ရရှိခဲ့ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

COVID -19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပွားရေးအတွက် ဈေးဝယ်သူနှင့် ဈေးရောင်းသူများကို Mask တပ်ဆင်ရန် အသိပေးထားသည့်အပြင် Mask များ၊ face shield များ အခမဲ့ဖြန့်ဝေထားသော်လည်း လိုက်နာမှုအားနည်းသည်ကိုတွေ့ရှိရသဖြင့် မေလလယ်ကစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁ ရက်နေ့အထိ စုစုပေါင်းဒဏ်ငွေ ကျပ် ၅၃ သိန်း ၈ သောင်းကျော်ရရှိခဲ့ကြောင်း၊ ယင်းဒဏ်ကြေးငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီထားရှိကြောင်း ဧရာဝတီတိုင်းစည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က The Voice Daily သို့ ပြောကြားသည်။

“အသိပညာပေးခဲ့ပေမယ့် မလိုက်နာတဲ့သူတွေကို စီမံရေးရာနည်းနဲ့ တပြေးညီဖြစ်အောင်ဆောင်ရွက်ရတာပါ၊ စည်ပင်သာယာဥပဒေအရ ဒဏ်ငွေတပ်ပါတယ်။ ပထမတော့ Mask မတပ်သူကို ဒဏ်ကြေး ၃၀၀၀ ကျပ် ပေးဆောင်စေတယ် အခု ၅၀၀၀ ကျပ် ပေးဆောင်ရတယ်။ Mask မတပ်တဲ့သူ မည်သူမဆို ဈေးထဲအဝင်မခံဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းကရှင်းပြသည်။

စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိဈေးများတွင် နေရာအကွာအဝေးသတ်မှတ်ခြင်း Mask များကို အခမဲ့ဝေခြင်းနှင့် တန်ဖိုးသင့်ဈေးဖြင့် ရောင်းချခြင်းများရှိခဲ့သော်လည်း ပျံကျဈေးများကိုမူ နေရာကျယ်ဝန်းသည့် ဘောလုံးကွင်း၊ ကစားကွင်းနှင့် ဘုရားကျောင်းဝင်းများသို့ ရွှေ့ပြောင်းရောင်းချစေပြီး Mask များ အခမဲ့ပေးဝေခြင်းမရှိကြောင်း ပျံကျဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

“ဈေးပြန်ဖွင့်ချိန်မှာ ဈေးသည်တစ်ဦးကို လက်ဆေးစင်တွေ၊ ဆပ်ပြာတွေဝယ်ဖို့အတွက်ဆိုပြီး ဈေးကော်မတီကို ၅၀၀၀ ကျပ် ပေးရတယ်၊ ကိုယ်ဖာသာကိုယ်စီစဉ်ရတာပေါ့နော်၊ စည်ပင်က ပံ့ပိုးတာမရှိပါဘူး၊ Mask တွေလည်း ကိုယ်တိုင်ဝယ်ရတာပါ၊ ထုတ်ပေးတာ ဝေတာမျိုး မရှိပါဘူး”ဟု ပုသိမ်မြို့ ရေပေါ်ဈေးမှ ဈေးသည် ဒေါ်ဌေးဌေးက ပြောဆိုသည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဌာနကထုတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသဖြင့် ဒဏ်ရိုက်အရေးယူနေသော်လည်း ဈေးသည်များနှင့် ဈေးဝယ်သူများအနေနှင့် စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်ကို တွေ့ရကြောင်း ပုသိမ်မြို့နယ် စည်းကမ်းထိမ်းသိမ်းရေးကော်မတီက သုံးသပ်ထားသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်နှင့်မြို့ ၇ မြို့တွင် စည်ပင်သာယာရေးအဖွဲ့ ၃၃ ဖွဲ့ရှိပြီး စည်ပင်သာယာဈေး ၁၃၂ ဈေးရှိပြီး ဒေသခံပြည်သူများ စားဝတ်နေရေးပြေလည်စေရန် စည်ပင်သာယာဈေးအားလုံးကို သတ်မှတ်စည်းကမ်းနှင့်အညီ မေလလယ်မှစ၍ တိုင်းအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ 
R.04

ဓာတ်ပုံ- မောင်မျိုးထက်