News

POST TYPE

NEWS

ထိုင်းနိုင်ငံမှလာသည့် မြန်မာလုပ်သား ခြောက်သောင်းခန့် အလုပ်ပြန်လည်ရရှိနိုင်မည်
02-Jun-2020
ရန်ကုန်၊ ဇွန် ၂

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများထဲမှ ခြောက်သောင်းခန့်သည် အလုပ်ပြန်လည်ရရှိနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောကြားသည်။

အဆိုပါအကြောင်းအရားကို ဇွန်လ ၂ ရက်နေ့က ပြုလုပ်သည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး ထိုင်း၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့ရှိ မြန်မာသံအမတ်များနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အွန်လိုင်းမှတဆင့် အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးမှုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများထဲမှ မည်မျှသည် ပြန်လည်အလုပ်ရရှိနိုင်ကြောင်း မြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းအားမေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့ လက်တလော စာရင်းကောက်ရမယ်ဆိုရင် MOU နဲ့လာတဲ့စာရင်းသာရလောက်ပါတယ်။ စီမံထားတာကတော့ ခြောက်သောင်းလောက်ရှိပါတယ်။ပြန်လာဖို့အတွက် အဆင်သင့်လုပ်ထားဖို့ပြောတာ ခြောက်သောင်းလောက်ရှိပါတယ်”ဟု ဦးမျိုးမြင့်သန်းကဆိုသည်။

ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာသံရုံးတို့ညှိနှိုင်းပြီး ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကို ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ဘတ်စ်ကားများဖြင့် မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ အထိ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ဧပြီလ ၂၁ ရက်နေ့မှ ယနေ့အထိ ငါးသောင်းခန့် ပြန်လည်ရောက်ရှိပြီးဖြစ်သည်။

ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာလိုသူများကို စာရင်းပြုစုထားချက်အရ သုံးသောင်းကျော်ရှိနေပြီး မြဝတီ-မဲဆောက်မှ ပြန်လည်ဝင်ရောက်လာသည့်အရေအတွက်မှာ တစ်သောင်းကျော်ရှိသည့်အတွက် ငါးထောင်ကျော်ကျန်ရှိနေသေးကာ ရနောင်း-ကော့သောင်းဂိတ်မှပြန်လည်ရောက်ရှိလာသည့်အရေအတွက်မှာ ၃၀၆ ဦးရှိပြီး မယ်ဆိုင်-တာချီလိတ်ဂိတ်မှ ၄၆ ဦးဝင်ရောက်ခဲ့ပြီး ၁၂၀ ဦး ထပ်မံစေလွှတ်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်။

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အသွားအလာကန့်သတ်ထားရှိပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးထားချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

S-09