News

POST TYPE

NEWS

ကိုဗစ်ကာလ အလုပ်လက်မဲ့ အလုပ်သမားတစ်သောင်းကျော်ကို EU မှ ကျပ်သန်းတစ်ထောင် ထောက်ပံ့
02-Jun-2020
ရန်ကုန် ဇွန် ၂

ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ အထည်ချုပ်အလုပ်သမား ၁၂၀၀၀ ကျော်ကို ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်ကနေ ကျပ်သန်းတစ်ထောင် ပေးအပ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။

ဥရောပသမဂ္ဂ(EU)မြန်ကူရန်ပုံငွေကို ကိုဗစ်ကာလအလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများအတွက် ရည်ရွယ်ကာ မေလမှစတင်ကာ ဇွန်လ ၁ ရက်နေ့အထိ wavemoney ဖြင့် တိုက်ရိုက်ပေးပို့ခဲ့ပြီး ယင်းထောက်ပံ့မှုကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်နှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ အလုပ်သမားများရရှိခဲ့ကြောင်း မြန်ကူရန်ပုံငွေအစီအစဉ်မှ ပရောဂျက်မန်နေဂျာ မစုမွန်သဲက ပြောသည်။

“ထောက်ပံ့ငွေရတာက တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ လေးသောင်းကနေ တစ်သိန်းနှစ်သောင်းခွဲအထိရတယ်။ စက်ရုံဘက်က ရှစ်သောင်းပေးရင် အစ်မတို့ဘက်ကလေးသောင်းပေးတယ်”ဟု ၎င်းက ပြောသည်။

မြန်ကူထောက်ပံ့ကြေးငွေကို အထည်ချုပ်၊ အထည်လိပ်နှင့် ဖိနပ်အစရှိသော စက်ရုံပေါင်း ၁၂၂ ခုမှ အလုပ်သမားပေါင်းနှစ်သောင်းကျော်က လျှောက်ထားခဲ့ရာ အလုပ်သမား ၁၂၉၁၃ ဦးသာ ထောက်ပံ့ငွေရရှိခဲ့ကြောင်း မစုမွန်သဲက ရှင်းပြသည်။

ကိုဗစ်ကာလအတွင်း စက်ရုံပိတ်ထားသဖြင့် မိသားစုစားဝတ်နေရေးအခက်အခဲရှိသဖြင့် မြန်ကူထောက်ပံ့ကြေးငွေကိုလျှောက်ထားခဲ့ရာ တစ်သိန်းနှစ်သောင်းခွဲရရှိခဲ့၍ မိသားစုစားဝတ်နေရေးအဆင်ပြေခဲ့ကြောင်း KGG အထည်ချုပ်စက်ရုံမှ မဝင်းအေးကပြောသည်။

ဥရောပသမဂ္ဂ(EU)မြန်ကူထောက်ပံ့ငွေကို လာမည့်ဇူလိုင်လအထိ အလုပ်လက်မဲ့ဖြစ်သွားသောအလုပ်သမား သုံးသောင်းကျော်ကို ထပ်မံပေးသွားမည်ဖြစ်ပြီး အဓိကဦးစားပေးမည်သူမှာ အလုပ်လက်မဲ့အမျိုးသမီးများဖြစ်ကြောင်း ပရောဂျက်မန်နေဂျာ မစုမွန်သဲက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ကာလအတွင်း စက်ရုံ ၁၃၀ ကျော်ပိတ်သိမ်းခဲ့ပြီး လုပ်သားအင်းအားလျှော့ခြင်း၊ ယာယီရပ်နားခြင်း၊ စက်ရုံအလုပ်ရုံအလုပ်သမပေါင်း ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

J-01