News

POST TYPE

NEWS

ဖားကန့် ကမ်းပါးပြိုကျမှုဖြစ်ပွား၊ ကျောက်စိမ်းရှာသူ နှစ်ဦး သေဆုံး
01-Jun-2020
ဖားကန့် ၊ ဇွန် ၁

အဖိုးတန်ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်တွင် ဇွန် ၁ ရက်နေ့ နံနက် ၁၀နာရီခန့်က ကမ်းပါးပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေနေသူ(ရေမဆေးကျောက်ရှာသူ) နှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကမ်းပါးပြိုကျမှုသည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု သောင်းကော့ကျေးရွာအနီးရှိ သက်တမ်းကုန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနိုင်းမြို့ဇာတိ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁) နှစ်တို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

သောင်းကောင့်ကျေးရွာအနီးရှိ ယခင် စိန်လုံတောင်တန်း ကုမ္မဏီ၏ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေတွင် ရေမဆေးကျောက် ရှာဖွေစဉ် အမြင့်ပေ ၃၀၀ ခန့်ကနေ ရုတ်တရက် ကမ်းပါးပြို့ကျပြီး မြေစာပိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားပြီး သေဆုံးသွားခဲ့တာ” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသူတစ်ဦးက ဆိုသည်။

ယခုမြေပြိုသည့်နေရာ ပြီးခဲ့သည့် နှစ်ရက် (မေ၃၀ရက်) ကလည်း အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၂၀ ဇွန်လ ၁ ရက်နေ့ထိ မြေပြိုမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦးရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဇော်မိုးထက် (ဖားကန့်)