News

POST TYPE

NEWS

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း သြဂုတ်လတွင် ထွက်နိုင်ဖွယ်ရှိ
01-Jun-2020
ရန်ကုန်၊ ဇွန် ၁

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ သြဂုတ်လတွင်အစောဆုံးထွက်နိုင်ရန် ခန့်မှန်းထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိခဲ့သောကြောင့် လူစုလူဝေးမဖြစ်စေရန်မတ်လ ၂၄ ရက်တွင် အဖြေလွှာ စစ်ဆေးခြင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂လကျော်ကြာချိန်တွင် ဇွန်လ ၅ ရက်တွင် ပြန်လည်စစ်ဆေးရန် ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

“ အရင်က ဧပြီမှာစစ်ပြီး ဇွန်ပထမအပတ်ထဲမှာပဲထွက်တယ်ဆိုတော့ ၂ လလောက်တော့ အနည်းဆုံးကြာတာပေါ့။ အခုလည်းဇွန် ၅ ရက်မှစစစ်တာဆိုတော့ နောက်ထပ် ၂ လလောက်ကျော်ဆို သြဂုတ်လထဲမှာပဲ အစောဆုံး ထွက်နိုင်မယ်လို့ခန့်မှန်းတာပေါ့” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

အဖြေလွှာစစ်ဆေးခြင်းကို အဆင့်မြင့်ပညာဦးစီးဌာနကစစ်ဆေး၍ အမှတ်ပေးခြင်း၊ အောင်စာရင်းပြုစုခြင်းများကို ဆောင်ရွက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အောင်စာရင်းများကိုထုတ်ပြန်ပေးခြင်းဖြစ်ပြီး အခြေခံပညာဦးစီးဌာနအနေဖြင့် ဝိုင်းဝန်းကူညီပေးခြင်းသာဖြစ်ကြောင်း ၎င်းရှင်းပြသည်။

“အောင်စာရင်းထွက်တာနောက်ကျတော့ တက္ကသိုလ်တက်ရင်တစ်နှစ်နာသွားမှာလားဆိုတာတော့ စိတ်ပူမိတယ်။ တာဝန်ရှိသူတွေ အဆင်ပြေအောင်လုပ်ပေးမယ်လို့ထင်ပါတယ်”ဟု တာမွေမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ ၉ သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့၍ ယခင်နှစ်တွင် ၈ သိန်းကျော်သာဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ၃၁.၄၄ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

J-02