News

POST TYPE

NEWS

ရဲကြောင့် လူမည်းတစ်ဦးသေဆုံးမှုကိုမကျေနပ်၍ အမေရိကတစ်လွှား ဆူပူအုံကြွ၊ အမျိုးသားအစောင့်တပ်ဖွဲ့ဖြင့် ထိန်းသိမ်းရန် ကြိုးပမ်း
01-Jun-2020


ဝါရှင်တန်၊ မေ ၃၁

ရဲအရာရှိတစ်ဦးကြောင့် အာဖရိကန် အမေရိကန် လူမည်းတစ်ဦး သေဆုံးသွားမှုအပေါ် မကျေမနပ်ဖြစ်ကာ ဆူပူ အုံကြွမှုများဖြစ်ပေါ်နေသည့် မင်နီယာ ပိုလစ်မြို့ကို ထိန်းချုပ်ရန် အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့များ စုရုံးခေါ် ယူထားပြီဖြစ်ကြောင်း မင်နီဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ 

ရဲအရာရှိက အကြမ်းဖက်သည့်ပုံစံဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် ဂျော့ဖလွိုက်အမည်ရ လူမည်း တစ်ဦးအမှုကိစ္စကို မကျေနပ်၍ မင်နီယာ ပိုလစ်မြို့အပါအဝင် အမေရိကန်မြို့အတော်များများ၌ ဆန္ဒပြအုံကြွမှုများဖြစ်ပေါ်နေသည်။ 

ဆန္ဒပြသူများ၏ ဦးတည်ချက်မှာ အမေရိကန်ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်ရှုတ်ချရန်ဖြစ်သော်လည်း မင်နီယာပိုလစ်မြို့တွင်မူ ဆန္ဒ ပြရာမှ ဆူပူအကြမ်းဖက်မှုများပါဖြစ်ပေါ်ခဲ့သည်။ 

ရဲတပ်ဖွဲ့နှင့် ဆန္ဒပြအုံကြွသူများအကြား တိုက်ခိုက်မှုများ၊ လုယက်ဖျက် ဆီးမှုများလည်းဖြစ်ပေါ်ခဲ့ရာ မင်နီဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူးက အမျိုးသား လုံခြုံရေးအစောင့်တပ်ဖွဲ့များလွှတ်ပေးရန် အကူအညီတောင်းခံလိုက်ခြင်းဖြစ်သည်။ 

မေလ ၃၀ ရက်နေ့ညက မင်နီယာ ပိုလစ်အပါအဝင် မြို့အချို့တွင် ဖြစ်ပေါ်ခဲ့သော မတည်မငြိမ်မှုများမှာ လတ်တလော ဆယ်စုနှစ်များအတွင်း အမေရိကန်ပြည် ထောင်စုအတွက် အဆိုးရွားဆုံးဖြစ်သည်။ 

နယူးယောက်၊ ဒါးလပ်၊ အတ္တလန္တာ မြို့အပါအဝင် အခြားမြို့များတွင် ရဲတပ်ဖွဲ့ သုံးမော်တော်ကားများနှင့် အခြားပစ္စည်းများ မီးရှို့ခံရသည်။

ဝါရှင်တန်တွင်မူ သမ္မတဒေါ်နယ် ထရမ့် ရုံးထိုင်နေသည့် အိမ်ဖြူတော်အပြင် ဘက်တွင် ဆန္ဒပြပြည်သူများက နာရီ ပေါင်းများစွာ ရပ်ပြီး အော်ဟစ်ဆန္ဒပြကြသည်။ 

မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်ဇ်က ၎င်းအနေနှင့် အမာခံအမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၃,၀၀၀ ကို စုရုံးထားပြီဖြစ်ကြောင်း၊ ဈေးဆိုင်များကို ဖောက်ထွင်းလုယူပြီး မီးရှို့သူများကို ပြင်းထန်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းသို့ အမျိုးသားအစောင့်တပ်ဖွဲ့များခေါ်ယူကာ မတည်မငြိမ်မှုများကို ကိုင်တွယ်ဖြေရှင်းစေခြင်းသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ယင်းပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

လူမည်းအမျိုးသားဂျော့ဖလွိုက်ကို သေဆုံးစေခဲ့သည့် ရဲအရာရှိကို သက်ဆိုင် ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူထားပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အမှုစစ်ဆေးသွားရန် စီစဉ်ထားသည်။ 

ဒါရက်ချော်ဗင်ဟု အမည်ရသည့် လူဖြူရဲအရာရှိသည် အသက် ၄၆ နှစ် အရွယ်ရှိ ဂျော့ဖလွိုက်၏ လည်ပင်းကို ဒူးဖြင့်ထောက်ကာ ဖမ်းဆီးခဲ့စဉ် ဂျောဖလွိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

ထိုသို့ အကြမ်းဖက်သည့်ပုံစံဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည့်မြင်ကွင်းကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စုတစ်လွှားတွင် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

F-01