News

POST TYPE

NEWS

ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ သံအရာရှိထံ စာရင်းပေးပြန်နိုင်
31-May-2020
ကော့သောင်း သမ္ဗန်ဆိပ်

ကော့သောင်း၊ မေ ၃၁

ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာ ပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ (ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောကြားသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်ခြား ရနောင်း-ကော့သောင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီပိတ်ထားရာ ယင်းလမ်းမှ အိမ်ပြန်လိုသော မြန်မာများအနေနှင့် ရနောင်းမြို့ရှိ မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးကာ အိမ်ပြန်နိုင်မည်ဖြစ်သည်။ 

ရနောင်းသံရုံးနှင့် အလှမ်းဝေးကွာသူများအနေနှင့် မိမိနေထိုင်ရာ ဒေသရှိအလုပ်သမားအရေး ကူအညီပေးသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်၍လည်းကောင်း၊ Myanmar Labour Attaché Office Thailand Facebook စာမျက်နှာသို့ အချက်အလက်များ ပေးပို့ လျှောက်ထားနိုင်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။

ပေးပို့ရမည့် အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ် ၊ မှတ်ပုံတင်အမှတ်၊ ထိုင်းတွင် လုပ်ကိုင်သည့် အလုပ်အမျိုးအစား၊ အလုပ်သမား အမျိုးအစား (MOU ၊ CI ၊ PJ ၊ PV၊ Boder Pass ၊ အထောက်အထားမဲ့)၊ ထိုင်းတွင် နေထိုင်သည့်လိပ်စာ၊ အလုပ်ရှင် အမည်၊ မြန်မာပြည်တွင် နေထိုင်သည့်လိပ်စာ၊ ပြန်လိုသည့် အကြောင်းအရာ၊ ထွက်ခွာလိုသည့်ရက်၊ ထိုင်းသို့ ပြန်လာ ၊မလာ၊ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်စသည့်အချက်များ ဖြစ်သည်။

“ပြီးတော့ ကိုယ်ထွက်ချင်တဲ့၊ ကိုယ်ဘယ်နယ်စပ်ဂိတ်က ထွက်မလဲ၊ လောလောဆယ်တော့ အပေါက်သုံးပေါက်ပေါ့နော်။ မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းရယ်၊ မြဝတီ-မဲဆောက်ရယ်၊ ရနောင်း-ကော့သောင်းရယ်ပေါ့၊ ကိုယ်ဘယ်ပေါက်က ထွက်မလဲပေါ့” ဟု ဦးကျော်စိုးဝေက ပြောသည်။ 

ကိုဗစ်ကာလအစတွင် ရနောင်း-ကော့သောင်းလမ်းကို ပိတ်လိုက်ပြီး မြဝတီ-မဲဆောက်လမ်းတစ်ခုသာ ဖွင့်တော့သဖြင့် ထိုင်းတောင်ပိုင်းရှိ မြန်မာများ မြန်မာပြည်ရေးမှာ မြဝတီ- မဲဆောက်လမ်းမှ ပြန်ပတ်ရမည်ဖြစ်၍ အခက်တွေ့ခဲ့ကြရသည်။ 

နောက်ပိုင်းတွင်မှ ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ ယခုကဲ့သို့ စာရင်းပေးကာ ပြန်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

မေလ၂၃၊ ၂၆ နှင့် ၂၉ ရက်နေ့တို့တွင် စုစုပေါင်း မြန်မာ ၃၀ဝ ကျော် ထိုလမ်းမှ အိမ်ပြန်ခွင့်ရခဲ့သည်။ 

လက်ရှိတွင်လည်း ယင်းလမ်းမှ ပြန်ရန်စာရင်းပေးထားသူများစွာရှိနေပြီး စိစစ်ဆောင်ရွက်နေကြောင်း ဦးကျော်စိုးဝေက ပြောသည်။

ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကိုဗစ်ကာလအတွင်း ထိုင်းတွင်အလုပ်ပိတ်လိုက်သောကြောင့် နေထိုင်စားသောက်ရန် အဆင်မပြေကြတော့သဖြင့် နေရပ်သို့ဆောလျင်စွာပြန်လိုနေကြခြင်းဖြစ်သည်။

ယင်းသို့ မြန်မာ ပြန်လိုသူများအား ပြန်ခွင့်ရရေး ဆောင်ရွက်ရာတွင် ကြန့်ကြာမှုအချို့ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအချို့ ဆိုကြသည်။

Dawei Watch