News

POST TYPE

NEWS

MRF က မိုးစပါးရာသီတွင် ကန်ထရိုက်လယ်ယာစနစ် ဧကနှစ်သိန်းအကောင်အထည်ဖော်မည်
31-May-2020


ရန်ကုန်၊ မေ ၃၀

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ကန်ထရိုက်လယ်ယာစနစ် ဧကနှစ်သိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း MRF ထံမှ သိရသည်။

ယင်းဧကနှစ်သိန်းထဲမှ ဧကတစ်သိန်းလေးသောင်းအတွက် သက်ဆိုင်ရာတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကာ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအတွက် အခြောက်ခံစက်နှင့် သိုလှောင်ရုံ ၂၅ ခုအသစ်တိုးချဲ့တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

နယ်စပ်ဆန်စပါးကုန်သွယ်မှုလုပ်ငန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်ဌာန General Administration of Customs China-GACC တွင် မှတ်ပုံတင် ၁၁ ခု ရရှိပြီး၊ မှတ်ပုံတင်ရရှိရေးလုပ်ငန်း ၄၃ ခု ညှိနှိုင်းဆောင်ရွက်ထားဆဲဖြစ်ကာ မြန်မာမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချ နိုင်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း MRF ထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများသည်  မေလနောက်ဆုံးအပတ်က ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့်လယ်ယာကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေးနှင့် တုံ့ပြန်မှု အစီအစဉ်များတွင် အထောက်အကူပြုနိုင်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။

Covid-19 ကြောင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ လျော့ကျမသွားစေရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်မှုကို ယခင်ကထက် မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံများတည်ဆောက်ခြင်းလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သွင်းအားစုနှင့် နည်းပညာပံ့ပိုးကူညီဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၉ သန်း မက်ထရစ်တန် တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

S-07