News

POST TYPE

NEWS

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့တွင် လူနေထိုင်မှုများ ရှိနေဆဲဟုဆို
31-May-2020
မန္တလေး၊ မေ ၃၀

မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်များတွင် လူပုဂ္ဂိုလ်များ အခြေချမနေထိုင်စေရန် ရှင်းလင်းမှုများ ပြုလုပ်ထားသော်လည်း ကျောင်းတိုက်အချို့တွင် လူနေထိုင်မှုများ ရှိနေသေးကြောင်း သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) ထံမှ သိရသည်။

ကျောင်းတိုက်များတွင် အမြဲနေလူပုဂ္ဂိုလ်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများ၊ လောင်းကစားဒိုင်များ မပြုလုပ်စေရေးအတွက် ၂၀၁၉ ခုနှစ်အတွင်းက စာရင်းကောက်ခြင်းများ၊ လက်ခံထားသည့် ဆရာတော်များအနေနှင့် လက်မခံရန်၊ နေထိုင်သည့်ပုဂ္ဂိုလ်များကို ခံဝန် ကတိများရေးထိုးစေခြင်းများ၊ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိလူနေထိုင်ခွင့်ပြုထားသည့် ကျောင်းများသည် စစ်ဆေးစဉ်က ခံဝန်လက်မှတ်ရေးထိုးထားသည့်ကျောင်းများ ဖြစ်ကြောင်း သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရက မိန့်ကြားသည်။

"မိသားစုနှစ်စု နေထိုင်နေတာပေါ့။ သွားစစ်တော့ လူတွေပဲတွေ့တယ်။ ဘုန်းကြီးက ခရီးသွားနေတယ်။ ကျောင်းကိုသော့ခတ်ပြီးတော့ တိုက်အုပ်ဆရာတော်ကိုအပ်ခဲ့တယ်။ လူတွေကိုတော့ ခံဝန်ကတိထိုးခိုင်းပြီး ကိုယ့်နေရာကိုယ်ပြန်ခိုင်းလိုက်တယ်။ အရင်တုန်းကတည်းက ဒီလိုကြိုးကြားရှိနေတာပဲ။ ကျုပ်တို့က သတင်းမထုတ်ပြန်လို့သာပေါ့" ဟု ဦးဝိဓူရက ဆက်လက်မိန့်ဆိုသည်။

စစ်ဆေးတွေ့ရှိရသည့်ကျောင်းများသည် ချမ်းအေးသာစံမြို့နယ် သီရိဟေမာအနောက်ရပ်ကွက်အတွင်းရှိ တောင်သာမန်တိုက်၊ ရန်ကုန်ကျောင်းနှင့် ရွှေတိုင်ကျောင်းများတွင်တွေ့ရှိရခြင်းဖြစ်ကြောင်း၊ လက်ခံထားသည့် ဘုန်းတော်ကြီးများနှင့်  အမြဲနေလူပုဂ္ဂိုလ်များကို နောက်ဆုံးအကြိမ် သတိပေးမှုအဖြစ် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး နေထိုင်သူများကိုလည်း ၎င်းတို့နေထိုင်ရာမြို့ရွာများသို့ ပြန်လွှတ်စေခဲ့ကြောင်း သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) ထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းတိုက်ပေါင်း ၈၀ ၊ ကျောင်းပေါင်း ၄၄၀ ကျော်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တို ဘာလအတွင်းက မြို့နယ်သံဃနာယကအဖွဲ့၊ ချမ်းအေးသာစံသာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ပူးပေါင်းကာ အကောက်ဝန်တိုက်၊ သင်္ဂဇာတိုက်၊ ဒေးဝန်းအနောက်ရပ်ကွက်ရှိ အိုးဘိုကျောင်းတိုက်များ၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ သိမ်ကျောင်းတိုက်၊ ဒက္ခိဏဝန်ကျောင်းတိုက်၊ အနောက်ထီးလင်းတိုက်၊  မိုးကောင်းတိုက်၊ ဂွေးချိုတိုက်များသို့ သွားရောက်စစ်ဆေးခဲ့ဖူးသည်။

ထိုသို့စစ်ဆေးခဲ့ရာ အချို့ကျောင်းတိုက်များ၌ လူနေထိုင်ခြင်းများ၊ အချို့ကျောင်းတိုက်များတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းများ တွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ကိုင်ခွင့်၊ လူနေထိုင်ခွင့်ပြုလုပ်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီးများကို ခံဝန်ကတိရေးထိုးစေခြင်း၊ လူပုဂ္ဂိုလ်များကို ခံဝန်ကတိရေးထိုးစေခြင်းများ ပြုလုပ်ခဲ့ဖူးကြောင်း သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံ မြို့နယ်) ထံမှထပ်မံသိရသည်။

ရတီ